နေပြည်တော် ဇန်နဝါရီ ၁၉

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား အသီးသီးဆွေးနွေး တင်ပြ

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှု အခြေအနေများ၊ သီးနှံများစိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများအတိုင်း ထွက်ရှိစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှုနှင့် တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တောင်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့မှု၊ ကော်ဖီ၊ လက်ဖက်၊ ရော်ဘာများတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ သီးထပ်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တိရစ္ဆာန်အစာများအား ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်ကြမ်းများဖြင့် ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင် ကုန်သွယ်မှုများ မပြုလုပ်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေအားလျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိမှု၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ အားကစား ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြို့မိမြို့ဖများက ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ - တောင်ကြီးလမ်းတို့ကို ပြည်ထောင်စု လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးစေလိုမှု၊ လွယ်မွေအပန်းဖြေတောင်စခန်းမြို့၌ ပန်းပွဲတော် ကျင်းပခဲ့မှုနှင့် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ချယ်ရီပင် ၁၄၀၀၀ ခန့်အား စိုက်ပျိုးပြီးစီးမှု၊ နိုင်ငံတော်ယာယီသမ္မတအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လာရောက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် ပေးခဲ့သည့်အတွက် ဒေသအတွင်း တစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာမှုအား တွေ့မြင်ရပြီး ဒေသခံများအနေဖြင့်လည်း ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိမှု၊ ကျိုင်းတုံမြို့ နမ့်လပ်ချောင်း ရေကြီးရေလျှံမှုလျော့ပါးစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရပ်ကွက် (၃) နှင့် (၄) တို့ အတွင်းရှိလမ်းများ စနစ်တကျ ကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့ရလျက်ရှိမှုကို နိုင်ငံတော်က ဖြေရှင်းဆောင်ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၌ ပညာရေးပိုင်းဆိုင်ရာတွင် သင်ကြားရေး ဆရာ ဆရာမများ လိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုနှင့် အခြားဒေသဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။

 

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းနှင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ပတ်သက်၍ အချို့ နေရာများတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့မှုများရှိခဲ့ပြီး ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ကားလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်းရှိ ကားလမ်းများတွင် သွားလာသည့် ယာဉ်အစီးရေများ အလိုက် လမ်းများအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆရာ ဆရာမများ လိုအပ်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဆရာ ဆရာမများ မွေးထုတ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြည့်ဆည်းခန့်အပ်ပေးရန် စီမံဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်က ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု၊ ဒေသအလိုက်ထွက်ရှိသည့် MSME ထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိမှု၊ ပြည်ထောင်စုအဆင့်နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ ဆောင်ရွက်ပေးလျက်ရှိမှု၊ အရည်အသွေးပြည့်မီသည့် MSME ကုန်ထုတ်လုပ်မှုများ ဖြစ်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေး အလေးထား ဆောင်ရွက် လျက်ရှိမှု၊ Polytechnic University များဖွင့်လှစ်သင်ကြား ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းပြောကြားကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်က မြို့မိမြို့ဖများ၏ တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များအား ထမ်းဆောင်ခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်မာမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တို့ကျင်းပချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အတွက် တိုင်းရင်းသားပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု အခြေအနေများအရ နိုင်ငံ့တာဝန်များကို တရားဥပဒေနှင့်အညီ ထမ်းဆောင်နေရခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်မာမှုရှိစေရေး မဖြစ်မနေဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 

ဒီမိုကရေစီတွင် မဲမသမာမှုသည် အလွန်အကျည်းတန် အရုပ်ဆိုးသည့် ကိစ္စရပ်ကြီးတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အမည်းစက်တစ်ခုအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုစဉ်က တာဝန်ရှိသည့် အစိုးရကို မဲစာရင်းများကြီးမားစွာ ကွဲလွဲနေမှုအား ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

 

အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ရယူခဲ့ရစဉ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းအချို့ အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင် စွန့်ခွာမှုများကြောင့် အခက်အခဲ အကျပ်အတည်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ပြင် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများ ကိုလည်းရင်ဆိုင်ခဲ့ရကြောင်း၊ ထို့ပြင်ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင် လှုပ်ခတ်မှုများ စသည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံများအကြားမှ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း။

 

စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ မိမိတို့အစိုးရ တာဝန်မယူမီ ယခင်အစိုးရ လက်ထက်ကတည်းက ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အဓိကစီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက် တိုးတက်မှုရှိလာခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံ့စီးပွားရေး တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေမှာ ယခင်အနုတ်လက္ခဏာပြနေရာမှ အပေါင်း လက္ခဏာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း။

 

မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက် လျော့နည်းလျက်ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်နေခြင်းပင်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ယူချိန်ကာလအတွင်း နိုင်ငံတော်က ပေးဆပ်ရန်ကျန်ရှိနေသည့် ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်နေရကြောင်း၊ ကုန်ထုတ်လုပ်မှုများမရှိပါက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်သဖြင့် မိမိတို့အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးတက်စေလိုပါက အမှန်တကယ် အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်၍ရသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲနေရမှုများ များစွာ လျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးသည်လည်း တက်လာမည် ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း စားသုံးဆီလိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်း နေရခြင်းသည်လည်း တိုင်းပြည်အတွက် နစ်နာမှုပင်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများသည် ပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း လူဦးရေ တစ်သန်းခန့်ရှိပြီး ဒေသတွင်း စားရေးဖူလုံမှုကို ဖော်ဆောင် ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုမျှတမှုမရှိပါက ကုန်ဈေး နှုန်းများ ကြီးမြင့်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရသည့် ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို စဉ်ဆက်မပြတ် တွက်ချက်နေရန်လိုကြောင်း၊ ဒေသအကျိုးကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြရန်လိုကြောင်း၊ ဒေသတွင်းနေထိုင်ကြသူများ စားရေးကို သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး

ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ ရရှိရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးတွင် ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတန်းပညာများရှိမှသာလျှင် အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အတတ်ပညာများ မရှိပါက စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် ခက်ခဲကျပ်တည်း နေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးမွေးမြူရေးကို အဓိကထား လုပ်ဆောင်ကြသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ အများအပြားပေါ်ထွက်လာစေရေး နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းရယ်၊ သီပေါဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာအများအပြားကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သမ္မာအာဇီဝ မကျသည့် နည်းလမ်းများဖြင့် ပိုက်ဆံရှာနေကြခြင်းပင်ဖြစ်ကြောင်း၊ လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း၊ မိမိတို့ နေထိုင်သည့် လူမှုပတ်ဝန်းကျင်တွင် လုပ်ကိုင်နေကြခြင်းကို ခွင့်ပြုထားကြသည်မှာ အသိပညာ အားနည်းခြင်းကြောင့်ပင်ဖြစ်ကြောင်း။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လမ်းညွှန်မှာကြားချက်များအပြင် မိမိတို့ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဖြစ်ထွန်းနိုင်သည့် လုပ်ငန်းများ အနေဖြင့် ရော်ဘာလုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ လက်ဖက်လုပ်ငန်းနှင့် ဒေသထွက် အိမ်မိုးအုတ်ကြွပ်ပြား လုပ်ငန်းများဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးခြင်းကို အောင်မြင်အောင် ဆောင်ရွက်၍ ရော်ဘာကိုအခြေခံသည့် ဒေသနှင့် ပြည်တွင်းလိုအပ်ချက် ရော်ဘာထုတ်ကုန်များထုတ်လုပ် နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ကော်ဖီသီးနှံ၊ လက်ဖက်သီးနှံတို့ကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသတွင်းယခင် ကတည်းက ရှိပြီးဖြစ်သည့် အိမ်မိုးသည့်အုတ်ကြွပ်များကို အဆင့်မီထုတ်လုပ်နိုင်ရေး စက်မှုဝန်ကြီး ဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် သွားနိုင်ကြောင်း၊ ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုအခြေခံသည့် စက်မှုလုပ်ငန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ် အကိုင်အခွင့် အလမ်းများလည်း ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ပြီး ဒေသ၏ လူမှုစီးပွားဘဝသည်လည်း များစွာပြောင်းလဲ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် တစ်ခုလုံးနှင့်ဆိုင်သည့်အတွက် ဝိုင်းဝန်းတိုက်တွန်း ပြောကြားသွားကြရန်လိုကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးချင်း တစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းလုပ်ကိုင်သည့် သမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းတူပေါ်တွင် စိတ်တူကိုယ်တူ အစုအဖွဲ့ဖြင့် လုပ်ကိုင်မည်ဆိုပါက နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီးမတည်ငွေများအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း။

 

အချုပ်အားဖြင့်ဆိုရမည်ဆိုပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ပေးထားသည့် ကတိများ အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေ အားပေးဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် ပညာရေးကို ဆက်လက်အားပေး ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဒေသတွင် နေထိုင်ကြသူများ၊ တာဝန် ထမ်းဆောင်နေကြသူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်း ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်