မြိတ် ၂၃ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့၍ လေဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု (၂)စု အား ဧပြီ ၂၃ ရက် မွန်းလွဲ(၂)နာရီတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက အားပေး စကားပြောကြား၍ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လေဘေးသင့်ပြည်သူများသည် တရုတ်တန်းရပ်ကွက် ဓမ္မရတနာဘုန်းတော်ကြီးကျောင်းတွင် ယာယီ နေထိုင်လျက်ရှိကြပြီး လေဘေးသင့်အိမ်ထောင်စု(၂)စုတွင် လူဦးရေ(၁၂)ဦးရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် အားပေးစကားများ ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
လေဘေးသင့်အိမ်ထောင်စု(၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ ဆန်ဖိုး(၂၅၂၀ဝ)ကျပ်နှင့် ထောက်ပံ့ငွေ(၁)သိန်းကျပ်စီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် မီးဖိုချောင်သုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများ၊ အမိုးအကာသုံး တာပေါ်လင်(၂)ပိုင်း ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


