မိတ္ထီလာ ၁၂ မေ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်မှ မိတ္ထီလာစက်မှုဇုန်ရှိ စက်ရက်ကန်းလုပ်ငန်းများနှင့် ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းလုပ်ငန်းများသည် မြန်မာနိုင်ငံတစ်ဝန်း အမျိုးသားဝတ်၊ အမျိုးသားသမီးဝတ် လုံချည်အမျိုးမျိုးဈေးကွက်၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းတင်ပို့ရောင်းချပေးနေသည်။
ခရိုင်အတွင်း ဝမ်းတွင်းမြို့နယ်ပြီးလျှင် မိတ္ထီလာမြို့နယ် စက်မှုဇုန်ရှိ စက်ရက်ကန်းလုပ်ငန်းအရေအတွက်မှာ အများဆုံးဖြစ်ပြီး မိတ္ထီလာစက်မှုဇုန်တွင် စက်ရက်ကန်းလုပ်ငန်းရှင် ၁၇၀ ဦးခန့်ရှိကာ စက်ရက်ကန်းစင် ၁၂ စင်မှ ၂၀ စင်၊ ၃၀ စင် စသည်ဖြင့် စက်ရက်ကန်းရုံများ တည်ထောင်၍ အထည်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ စက်ရက်ကန်းလုပ်ငန်းသည် အိမ်သုံးမီတာဖြင့် လုပ်ကိုင်နိုင်သည့် တစ်ခုတည်းသော အိမ်တွင်းစက်မှုလုပ်ငန်း ဖြစ်သည်။ ထိုကြောင့် ကျေးရွာအများအပြားတွင် လျှပ်စစ်မီးရရှိလာသည့်နှင့်အမျှ တစ်ပိုင်တစ်နိုင် စက်ရက်ကန်း လုပ်ငန်းများကို လုပ်ကိုင်လာသူများ များပြားလာကြောင်း သိရသည်။ စက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်လာသူများ ယခင်ထက်များပြားလာ၍ ဈေးကွက်တွင် အပြိုင်အဆိုင်ရောင်းချရမှုများလာခြင်း၊ ကုန်ကြမ်းချည်ဈေးနှုန်း မြင့်မားလာခြင်း တို့ကြောင့် မိတ္ထီလာစက်မှုဇုန်မှ စက်ရက်ကန်းလုပ်ငန်းများမှာ လုပ်ငန်းဆက်လက် ရပ်တည်နိုင်ရုံအဆင့်ဖြင့် ကြိုးစားရုန်းကန် ရပ်တည်နေကြရသည်။ စက်ရက်ကန်းလုပ်ငန်းများသည် သာမန်ကြည့်လျှင် လွယ်ကူသည့်လုပ်ငန်းဟု ထင်မြင်နိုင်သော်လည်း ထင်သလောက်မလွယ်ကူသော အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။
မည်သို့ဆိုစေ မိတ္ထီလာစက်မှုဇုန်မှ စက်ရက်ကန်းလုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးရှင်သန်နိုင်ရေးအတွက် စီးပွားရေး ပညာရှင်များ၊ ရက်ကန်းပညာရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များနှင့် သက်ဆိုင်သူများက ဝိုင်းဝန်းပူးပေါင်း အဖြေရှာ ဆောင်ရွက်သင့်ပါသည်။ မိတ္ထီလာစက်မှုဇုန်မှ ရုန်းကန်ရှင်သန်နေဆဲ စက်ရက်ကန်း လုပ်ငန်းများထဲတွင် စက်ရက်ကန်းများဖြင့် အထည်ရက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် မြင်ကွင်းတစ်ချို့ကို ရိုက်ကူးတင်ပြလိုက်ပါသည်။
ချမ်းသာ (မိတ္ထီလာ)


