မိတ္ထီလာ  ၈  မေ

 

မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ၌ ချည်မျှင်ရှည်ဝါ ဧက (၅၀)ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာ လုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် နိုင်ငံတော်၏ လူဦးရေ(၇၀)ရာခိုင်နှုန်းရှိသည့် ကျေးလက်နေ ပြည်သူများ လယ်ယာလုပ်ငန်းဖြစ် စီးပွားရေးလုပ်ငန်းများ ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိသည်။ 

 

“ကျေးလက်ဒေသများတွင် စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့် သီးနှံကို ရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့်အတွက် ယခုလို လှည်းပွဲကျေးရွာ၌ ချည်မျှင်ရှည်ဝါ ဧက (၅၀) ကျော် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောသည်။

 

ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင်လည်း ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရရှိစေရန်နှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်၊ လယ်ကွက်များ၏ ပုံသဏ္ဍန်၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ရန် စသည့် စိုက်ပျိုးရေးနည်းပညာ သိရှိစေရန် အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“မိမိတို့ ဒေသခံတောင်သူများကလည်း တစပ်တစ်ဆက်တည်း ချည်မျှင်ရှည်ဝါ ဧက(၅၀)ကျော် စိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌လည်း ချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားထားသည့်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် တောင်သူဦးကျော်မိုးက ပြောသည်။

 

ချည်မျှင်ရှည်ဝါ ဧက(၅၀)ကျော် စိုက်ပျိုးရာတွင် တစ်ဧက ပိဿာ တစ်ထောင်ထွက်ရှိရေး   စိုက်ပျိုးရေးဝန်ထမ်းများမှ   လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)