မိတ္ထီလာ  ၈  မတ် 


မိတ္ထီလာ၌ ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သည့်ဂျပန်စစ်သည်တစ်ဦး၏ အရိုးများစုအား မီးသင်္ဂြိုဟ်၍ ဂါရဝပြုခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြင်တော်ကန်သုဿန်တွင် ပြုလုပ်ခဲ့ကြောင်း ကျဆုံးဂျပန်စစ်သည် များ၏ အရိုးစုများရှာဖွေရေး JARRWC အဖွဲ့ခေါင်းဆောင် Mr. Akihiro shimoukai ထံက သိရသည်။


“ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးစုများ ရှာဖွေရေးအဖွဲ့ အနေနဲ့ မိတ္ထီလာ အင်းပက်လက်ကျေးရွာအနီးမှာ တွေ့ရှိခဲ့တဲ့ ဂျပန်စစ်သည်ရဲ့ အရိုးစုကို  မီးသင်္ဂြိုဟ်ခြင်းဆောင်ရွက်တာပါ။ အရိုးစုတွေကို မီးရှို့သင်္ဂြိုဟ်ပြီး ပြာမဖြစ်ခင်အနေအထားမှာရှိတဲ့ အရိုးစုတွေကို ဂျပန်နိုင်ငံကို သယ်ဆောင်ပြီးတော့  ဂါရဝပြုပူဇော်မယ့်နေရာမှာ ထားရှိသွားမှာဖြစ်ပါတယ်ဟု ဂျပန်စစ်သည်များ၏ အရိုးစုများ ရှာဖွေရေးအဖွဲ့ JARRWC  ( Japan Association For Recovery And Repatriation  OF War  Casualties )  ခေါင်းဆောင် Mr. Mr. Akihiro shimoukai က ပြောသည်။


အဆိုပါ ဂျပန်စစ်သည်အရိုးစုများ  မီးသင်္ဂြိုဟ် ဂါရဝပြုရာနေရာသို့ မိတ္ထီလာမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်နှင့်တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Mr.Suzuki နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဂျပန်စစ်သည်များ၏ အရိုးစုများ ရှာဖွေရေးအဖွဲ့ JARRWC   ( Japan Association For Recovery And Repatriation  OF War  Casualties ) မှာ နိုင်ငံပေါင်းစုံ၌ စစ်ပွဲကာလများအတွင်းကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးစုများကို ရှာ ဖွေ၍ ဂျပန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ရေးကို ဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။


ချမ်းသာ  ( မိတ္ထီလာ)