မိတ္ထီလာ ၇ မတ် 
  

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ လမ်းလျှောက်ရေသဘင် ပွဲတော်ကို မတ်လ ၂၇ ရက်၌ အဆိုပါ တက္ကသိုလ်ကျောင်းဝန်အတွင်း၌ ရေကစားမဏ္ဍပ်များ၊ ဘာသာရပ်အလိုက် စတုဒီတာမဏ္ဍပ်များ တည်ဆောက်၍  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ သာမက ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသား ကျောင်းသူဟောင်းများကိုလည်း ပါဝင်ဆင်နွဲစေရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်တွင် ဆရာ ဆရာများ ကျောင်းသူ ကျောင်းသားများက ဘာသာရပ်အလိုက် စတုဒီတာ မဏ္ဍပ်(၁၂)ခု ဆောက်လုပ်၍  လှည့်လည်သည့် ဧည့်သည် တော်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအား စတုဒီတာများဖြင့် ကျွေးမွေးဧည့်ခံသွားမည် ဖြစ်သည်။


ထို့အပြင် တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်ဆောက်လုပ်၍ ရေကစားခြင်းနှင့်အတူ ယိမ်းအကများဖြင့် ဧည့်ခံဖြေဖျော်သွားမည်ဖြစ်သည့်အပြင် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ထက်ယံ၊ အိုအေစစ်တို့ကလည်း ပါဝင်အားဖြည့် သီဆိုသွားမည်ဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ် ကျောင်းတွင်းသင်္ကြန် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာဆွေဆွေဝင်းက ပြောကြားချက်အရ သိရသည်။    


သိန်းမြင့်ကျော်(မိတ္ထီလာ)