မိတ္ထီလာ ၂၀ မတ် 


မိတ္ထီလာတွင် အနော်ရထာမင်းလက်ထက် အရှင်အရဟံမထေရ်မြတ်အမှူးပြုသော ရဟန္တမထေရ်များ သိမ်သမုတ်တော်မူခဲ့သည့်  သိမ် ၉ သိမ် လှည့်လည်ပူဇော်ပွဲနှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပေါင်းလပြည့်နေ့ ယနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။ 


“ဒီနေ့ တပေါင်းလပြည့်နေ့ မနက် ၉ နာရီက စတင်ပြီး သိမ် ၉ သိမ်လှည့်လည်ပူဇော်ပွဲကို စတင်ကျင်းပတာဖြစ်ပြီး အောင်ဆန်း၊ ပေါက်ချောင်း၊ နန်းတော်ကုန်း၊ မြို့မ၊ ဈေးအရှေ့ပြင်၊ သီရိမင်္ဂလာ၊ ရတနာမာရ်အောင်၊ အောင်ဇေယျာ၊ ဝန်ဇင်း၊ ကျီတော်ကုန်း၊ ရန်မျိုးအောင်၊ ပြည်သာယာ(တ)၊ ပြည်သာယာ(မ)၊ ချည်စက်ရက်ကွက်များ၊ ရွှေစစ်သည်၊ ကန်သာ၊ ဇောင်ချမ်းကုန်း ကျေးရွာများက ဒေသခံဘုရားဖူးဧည့်သည် ဦးရေ ၆၆၃၀၊ မော်တော်ယာဉ်စီးရေ ၂၄၀ နဲ့ သိမ် ၉ သိမ်  ဘုရားများ လှည့်လည်ဖူးမြော်ပါတယ်။ သိမ် ၉ သိမ်စလုံးမှာ နံနက် ၉ နာရီက စတင်ပြီး မဟာပဋ္ဌာန်းကို ပင့်ဖိတ်ထားတဲ့ သံဃာတော်များက  ရွတ်ဖတ်ပူဇော်ပါတယ်။ တပေါင်းလပြည့်ကျော်  ၅ ရက်နေ့အထိ မဟာပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပါတယ်” ဟု သိမ် ၉ သိမ် လှည့်ပူဇော်ပွဲနှင့် မဟာပဋ္ဌာန်းရွတ်ပူဇော်ပွဲကျင်းပရေး အကျိုးဆောင်ကော်မတီအတွင်းရေးမှူးဦးအောင်ဆန်း က ပြောသည်။


အနော်ရထာမင်းလက်ထက် ရှင်အရဟံမထေရ်မြတ် အမှူးပြုသည့် ရဟန္တာမထေရ်မြတ်များသိမ်သမုတ်ခဲ့သောအဆိုပါသိမ် ၉  သိမ်မှာယခုအခါ မိတ္ထီလာမြို့နယ်ထဲတွင် သိမ် ၇ သိမ်နှင့် သာစည်မြို့နယ်ထဲတွင် ၂ သိမ် ပါရှိသည်။ ယင်းသိမ် ၉ သိမ် တည်ရှိရာ နေရာများမှာ မိတ္ထီလာမြို့နယ်အတွင်းတွင် ဆည်ကုန်းကျေးရွာ ပဲသီတာသိမ်၊ အိုမတွေ့ရွာ ကတ္တူကန်သိမ်၊ ဝက်ကျောက်ရွာ ဝက်ကျောက်သိမ်၊ ရှင်မြို့ရွာ ရှင်ပင်ကူသိမ်၊ သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်သိမ်၊ ညောင်ဇောက်ရွာသဖန်းသိမ်၊ ကျောင်းရွာ ကလိန်ခြေသိမ်၊ သာစည်မြို့နယ်အတွင်း ဘူးရုံရွာ ကူဖြူသိမ်နှင့် ကုန်းတောင်းရွာ ကုန်းတောင်းသိမ်တို့ ဖြစ်ကြောင်း သိရသည်။ 


ချမ်းသာ (မိတ္ထီလာ)