မြိတ် ၂ မတ်
နွေရာသီကျောင်းပိတ်ကာလ မကြာမီကျရောက်တော့မည်ဖြစ်ရာ မြိတ်တက္ကသိုလ် ဆရာ ဆရာမများ အနယ်နယ်အရပ်ရပ်မှ လာရောက်ပညာသင်ယူကြသည့် တက္ကသိုလ်မောင်မယ်များ နှုတ်ဆက်ခြင်းအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာအတာသင်္ကနြ်ပွဲတော်အကြို မြိတ်တက္ကသိုလ်ကျောင်းတွင်း သင်္ကြန်ပွဲတော်ကို မတ်လ(၂)ရက်၊ နံနက်ပိုင်းက တက္ကသိုလ်ပင်မအဆောင်အရှေ့ ကွင်းပြင်တွင် တပျော်တပါးကျင်းပဆင်နွှဲကြသည်။
ရှေးဦးစွာ မြိတ်တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာနီနီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းတို့မှ ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ တာဝန်ခံပါမောက္ခချုပ်မှ အထိမ်းအမှတ် အမှာစကားပြောကြားသည်။
ထို့နောက် မြိတ်တက္ကသိုလ်မောင်မယ်များမှ အတာသင်္ကြန်တူညီဝတ်စုံများကို အဖွဲ့အလိုက်ဝတ်ဆင်ကာ မြန်မာ့ရိုးရာအတာသင်္ကြန်တေးသီချင်းများဖြင့် ပြိုင်တူကပြတင်ဆက်ကြကာ နံ့သာရေများဖျန်းပက်ခြင်း၊ သင်္ကြန်ရေများ အပြန်အလှန်သွန်းလောင်းခြင်း၊ စတုဒိသာများကျွေးမွေးခြင်းနှင့် မြန်မာ့ရိုးရာသနပ်ခါးများဖြင့် မျက်နှာပေါ်တွင် ချစ်စဖွယ်ပုံဖော်ခြယ်သပေးခြင်းဖြင့် စုစည်းပျော်ရွှင်စွာ ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)


