မိုးကောင်း ၇ မတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် မတ် ၆ ရက်နှင့် ၇ ရက်က နှစ်ရက်ဆက်တိုက် မီးရထား တွဲချော်မှုဖြစ်ခဲ့၍ ဇလီဖားတုံးအချို့ပျက်စီးကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းရှိ မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာနှင့် နန့်ခွင်ကျေးရွာအကြား မီးရထားမိုင်တိုင်အမှတ် ၆၅၉/၁၁ နှင့် ၆၅၉/၁၂ တွင် စက်ခေါင်းမောင်း ဦးအောင်ဇော်လင်းမောင်းနှင်ပြီး ရထားရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်ခေါင်းအမှတ် DD-1523 မိုင်းရှင်းရှေ့ပြေးရထား(APT)မှ တွဲအမှတ် GVHAV-13704 ၏ ဘီးအမှတ် ၃/၄ နှင့် ၅/၆ တို့ လမ်းချော်မှုဖြစ်ပွားခဲ့ရာ ဇလီဖားတုံးအချို့ ပျက်စီးခဲ့ကာ ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ခဲ့သည်။
ထို့အတူ ယနေ့ နံနက် ၇ နာရီခန့်က မိုးကောင်းမြို့နယ် ပင်းဘောနှင့် မင်းကုန်းဘူတာကြား မီးရထားမိုင်တိုင်အမှတ် ၆၆၄/၂၂ နှင့် ၆၆၄/၂၃ တွင် မိုးညှင်းဘက်မှမြစ်ကြီးနားသို့ ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးထွန်းနိုင် မောင်းနှင်လာသည့် စက်ခေါင်းအမှတ် 2567-RBE မိုးညှင်း-မြစ်ကြီးနား အဆန်ကားရထား တွဲချော်ကျမှု ဖြစ်ပွားခဲ့သည်။
ရထားတွဲချော်ကျသည့်နေရာသို့ သံလမ်းအုပ် ဦးစိုးသက်ဦး၊စက်မှုကျွမ်းကျင်-၃ ဦးကျော်ညွှန့်၊ မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်တို့က သွားရောက်ကြည့်ရှုကာ လိုအပ်သည်များပြင်ဆင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် မီးရထားများ ပုံမှန်သွားလာနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


