မိုးကောင်း  ၂   မေ 


ကချင်ပြည်နယ် မိုးကောင်းမြို့၌ မေ ၂ ရက် နံနက်က ချောင်းကမ်းပါးမြေသားနံရံထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ဗုံးသီးအဟောင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

1


ဖြစ်စဉ်မှာ မေ ၂ ရက် နံနက် ၁၀ နာရီခွဲက မိုးကောင်းချောင်း မြေသားနံရံထိန်းလုပ်ငန်း ဆောင်ရွက်နေသည့် ချမ်းမြေ့ဦးဆောက်လုပ်ရေးကုမ္ပဏီမှ ဘက်ဟိုးယာဉ်မောင်းနှင်သူ ညီညီ(၃၀)နှစ်သည် ချောင်းကမ်းပါးရှိ မြေသားများအား ဘက်ဟိုးယာဉ်ဖြင့် ကုတ်ယူစဉ် အရှည် ၁၀ လက်မ၊ အချင်း ၃ လက်မခန့်ရှိ နောက်တွင် ဒလက်ပါရှိသည့် မော်တာဗုံးသီးဟောင်းတစ်လုံးကို တွေ့ရှိခဲ့၍ နတ်ကြီးကုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့သည်။


အဆိုပါဗုံးသီး တွေ့ရှိသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးလှချိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ဗုံးသီးဟောင်းအား နယ်မြေခံစစ်အင်ဂျင်နီယာတပ်မှ စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)