မိုးနဲ ၂၆ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ပုံ သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မဈေးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်မင်းနိုင်က မီးဘေးအန္တရာယ် ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ မီးဘေးလုံခြုံရေးနှင့် ပတ်သက်သော သိကောင်းစရာများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး၊ ပြည်သူများ မိမိကိုယ်တိုင် နည်းလမ်းတကျ မီးငြိမ်းသတ် နိုင်စေရန်အတွက် မီးငြိမ်းသတ်ပုံ အဆင့်ဆင့်ကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


