မိုင်းယောင်း ၅ မတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် လူကုန်ကူးမှု ပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေးဟူသော ဆောင်ပုဒ်အတိုင်း လူကုန်ကူးမှု အသိပညာပေး ဗီနိုင်းပိုစတာကို လူစည်ကားရာ ပြည်ထောင်စုလမ်းမရှိ တြိဂံလမ်းဆုံ၌ မတ် ၄ ရက် ညနေ ၅ နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီနိုင်းပိုစတာကို ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေး၊ မိုင်းယောင်းမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက ပါဝင်စိုက်ထူခဲ့ကြရာ ဗီနိုင်းတွင် လူကုန်ကူးခံရမှုနှင့်စပ်လျဉ်း၍ ဆက်သွယ်သတင်းပေးနိုင်သည့် Hotline ဖုန်းနံပါတ်များ ပါဝင်ကြောင်း သိရသည်။
ထို့နောက် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အသိပညာပေးလုပ်ငန်းများကို အမှတ်(၁)ရပ်ကွက်ရှိ ဘုရားရှိခိုးကျောင်း၌ ဟောပြောပွဲ ကျင်းပရာ လူကုန်တား ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပြီး၊ ပညာပေးဗီဒီယိုများ ပြသပေးခဲ့သည်။ ထို့နောက်တွင် တက်ရောက်လာကြသည့် ရပ်ကွက်နေ ပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


