မိုးညှင်း ၂၅ ဧပြီ

     

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက် ပုညရှင် အပြည်ပြည်ဆိုင်ရာ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် စက္ခုပါလဆေးရုံတွင် တတိယအကြိမ်မြောက် မျက်စိစမ်းသပ်ကုသမှု အောင်ပွဲ အခမ်းအနား ကို ဧပြီ ၂၅ ရက် နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မိုးညှင်းမြို့ အောင်သပြေ(၃)ကျောင်း ဆရာတော်ထံမှ(၅)ပါး သီလခံယူဆောက်တည်ခဲ့ကြပြီး ပုညရှင်စက္ခုပါလအသင်း ဦးဆောင်ဆရာတော် ဒေါက်တာအရှင်ကစ္ဆာယနမှ မျက်စိကုသမှု ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဟြေကြားသည်။

     

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက မိုးညှင်းမြို့တွင် မျက်စိကုသမှု အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားပြီး ဒေါက်တာဋ္ဌေးဋ္ဌေးလွင်က မျက်စိဝေဒနာရှင်များအတွက် လိုအပ်သည်များကို ရှင်းလင်း ပြောကြားပြီး ခဲ့သည်။

     

ဆက်လက်၍မျက်စိကုသရေးအတွက် ကူညီဆောင်ရွက်ပေးကြသော မျက်စိခွဲစိတ်အဖွဲ့နှင့် မျက်မှန်ကျွမ်းကျင်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အလှူငွေ(၁၀)သိန်းနှင့်အထက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

     

ထို့နောက် မျက်စိကုသမှုခံယူသူ ဦးထွန်းဝင်းမှ ကျေးဇူးတင်စကား ပြောကြားပြီး မျက်စိကုသမှု ကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးမြင့်ဝေမှ ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားကာ စေတနာရှင်များမှ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

     

အစီအစဉ်အရ လှူဒါန်းမှုအစုစုတို့အား ရေစ်သွန်းချအမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

     

အဆိုပါ အခမ်းအနားသို့ မိုးညှင်းမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားထားသော ဆရာတော်သံဃာတော်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် မျက်စိကုသမှုခံယူကြမည့် မျက်စိဝေဒနာရှင်များ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

   

အဆိုပါ မျက်စိဝေဒနာရှင်များအား မျက်စိစမ်းသပ်ခြင်းကို ဧပြီလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး ဧပြီလ(၂၃)ရက်နှင့် (၂၄) ရက်နေ့တို့တွင် မျက်စိခွဲစိတ်ခြင်းတို့ကို ပုညရှင်စက္ခုပါလအသင်းနှင့် အာယုဝနကုသိုလ်ဖြစ်ဆေးကုအသင်းတို့မှ ပူးပေါင်း၍ အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝ၇၈

 

1