နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေ နှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေး အခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၇၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့နယ်အခွန်ဦးစီးဌာနမှူးများ အနေဖြင့် သင်တန်းတွင်ပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူပြီး၊ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်း လွတ်ကင်းမှုမရှိဘဲ သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝ ကောက်ခံနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခွန်လျှော့ပေါ့ခွင့်၊ အခွန်သက်သာ ခွင့်ပြုခြင်းများနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အထူးသတိပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်အခြေတိုးချဲ့နိုင်ရန် ဖြစ်နိုင်ခြေ ဧရိယာများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ထမ်းပြည်သူများက တာဝန်သိစွာပေးဆောင်သော အခွန်ငွေများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ခွဲဝေသုံးစွဲ ဆောင်ရွက်နေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်လာအောင် အသိပညာပေးစည်းရုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်ရန်နှင့် ဌာန၏ဂုဏ်သိက္ခာ မြင့်မားလာရေးအတွက် အားလုံးက စည်းလုံးညီညွတ် စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာန တစ်ခုဖြစ်လာစေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်း သား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံး တက်ညီလက်ညီ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
သင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်း ထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူး ကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဆက်စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ် ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသန ဆိုင်ရာကိစ္စရပ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာ သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာ အသုံးပြုအခွန်ကောက်ခံသည့်စနစ်များကို ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ ၈၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


