ယင်းမာပင် ၂၅ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၁၈ ခုနှစ်အတွင်းက မိုးရာသီ သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဧပြီ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲက ယင်းမာပင်ခရိုင် ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းက မိုးနှမ်းထိခိုက်ပျက်စီးမှု တစ်ဧကလျှင် ၅၀ဝ၀ ကျပ်နှုန်း၊ နွေနှမ်းသီးနှံ တစ်ဧကလျှင် ၅၀ဝ၀ဝ ကျပ်နှုန်း၊ မိုးမြေပဲ တစ်ဧကလျှင် ၃၀ဝ၀ဝ ကျပ်နှုန်း၊ မိုးပဲတီစိမ်း တစ်ဧကလျှင် ၅၀ဝ၀ကျပ်နှုန်း၊ ဖူးစားပြောင်း တစ်ဧကလျှင် ၁၀ဝ၀ဝ ကျပ်နှုန်းစသည့်ဖြင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံအမျိုးအစား အလိုက် သတ်မှတ်ထောက်ပံ့ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်ကို မြို့နယ်များအလိုက်ထောက်ပံ့ပေးအပ်ရာ ယင်းမာပင် မြို့နယ်တွင် သီးနှံစုံပျက်စီးမှု စုစုပေါင်း (၁၂၃)ဧကအတွက် ငွေကျပ်(၁၉၂၀ဝ၀ဝ)၊ ကနီမြို့နယ်တွင် သီးနှံစုံပျက်စီးမှု စုစုပေါင်း (၁၅၈)ဧကအတွက် ငွေကျပ်(၁၃၇၀ဝ၀ဝ)၊ ဆားလင်းကြီးမြို့နယ်တွင် သီးနှံစုံပျက်စီးမှု စုစုပေါင်း (၁၇၀)ဧကအတွက် ငွေကျပ်(၂၉၆၅၀ဝ၀)နှင့် ပုလဲမြို့နယ်တွင် စုစုပေါင်း (၁၃၈၆)ဧကအတွက် ငွေကျပ်(၄၉၀ဝ၅၀ဝ၀) တို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်များအလိုက် လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင်တစ်ခုလုံးတွင် ၂၀၁၈ခုနှစ် မိုးရာသီသဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီး ဆုံးရှုံးမှုများ စုစုပေါင်း (၁၈၃၇)ဧကအတွက် ငွေကျပ် (၅၅၂၆၀ဝ၀ဝ)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


