မုံရွာ ၂၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မျိုးသန့် ဝါစေ့ကြိတ်ခွဲထုတ်လုပ်ခြင်းနည်းပညာနှင့် ဂွမ်းမွှေးနှင့် ချည်အရည်အသွေး တိုင်းတာခြင်းနည်းပညာ သင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုနှင့် အဖွဲ့ဝင်(၂)ဦးတို့မှ အရည်သွေးကောင်း မျိုးသန့်ဝါ သတ်မှတ်ခြင်းနှင့် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မျိုးသန့်ဝါဝယ်ယူခြင်းနှင့် မျိုးသန့်ဝါကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဝါဂွမ်းမွှေးနှင့် မျိုးဝါစေ့ အရည်အသွေးအကဲဖြတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဝါကြိတ်လုပ်ငန်းရှင်များအနေဖြင့် ဝါကြိတ်ခွဲထုတ်လုပ်၍ မျိုးစေ့များ ဖြန့်ဖြူးရောင်းချရာတွင် မျိုးကောင်း မျိုးသန့် ဝါစေ့များရရှိနိုင်ရန်နှင့် ဂွမ်းမွှေးနှင့် ချည်အရည်အသွေးကောင်းများ ရရှိစေရေးအတွက် ဝါကြိတ်ခွဲ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသန့်ဝါစေ့ကြိတ်ခွဲထုတ်လုပ်ခြင်းနည်းပညာ၊ ဂွမ်းမွှေးနှင့် ချည်အရည်အသွေး တိုင်းတာခြင်းနည်းပညာ သင်တန်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၁၈ ဦး၊ ဝါစိုက်တောင်သူ ၁၉ ဦးနှင့် ဝါစက်လုပ်ငန်းရှင် ၂၃ ဦး စုစုပေါင်း ၆ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


