ဖနောင်ပင် ဖေဖော်ဝါရီ ၂၅
ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကော့ဖ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်တို့သည် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ယနေ့ ကတိကဝတ်ပြု ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ ခရီးသွားလုပ်ငန်း၊ အလုပ်သမားရေးရာကဏ္ဍ၊ ပညာရေးနှင့် ကပ်ရောဂါအလွန်ကာလ စီးပွားရေးပြန်လည် တည်ဆောက်ရေးတို့ကို ခေါင်းဆောင်များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ မိမိတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည် တည်ဆောက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့နိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ကြဉ်းနိုင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို နှစ်နိုင်ငံပြည်သူများ ရရှိခံစားရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် နှစ်နိုင်ငံအကြားကုန်သွယ်မှု ပမာဏသည် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်ဆင်က ပြောကြားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် တိုးတက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။ မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာကဏ္ဍနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း မလေးရှား ဝန်ကြီးချုပ်ဆာဘရီက ပြောကြားသည်။
ထို့ပြင် မလေးရှားနိုင်ငံသည် မကြာမီကာလတွင် မိမိ၏ နယ်စပ်ဒေသများကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်သဖြင့် ၎င်းအချိန်တွင် ကမ္ဘောဒီးယားနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


