မလှိုင် ၂ မတ် 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ထန်းတက်အလုပ်သမား တစ်နှစ်ထက်တစ်နှစ် ရှားပါလာပြီး ယခုနှစ်တွင် ထင်းဈေးကြီးမြင့်၍ ထန်းလျက်ချက်တောင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ထန်းလုပ်ငန်းနှင့် ထန်းလျက်ချက် လုပ်ကိုင်သူများထံမှ သိရသည်။

 

mdn

 

ယခုနှစ်တွင် အပူချိန်မြင့်တက်သဖြင့် ထန်းတက်သည့်လုပ်ငန်းကို ထန်းတက်သမားအချို့ လုပ်ကိုင်ခြင်း မပြုတော့ဘဲ ယခင်က ထန်းတက်သမား (၄၀) ဦးဝန်းကျင်ရှိရာမှ ယခုအချိန်တွင် (၇)ဦး (၈)ဦးခန့်သာရှိကြောင်း၊ ထန်းတက်သမားအချို့မှာ လုပ်ငန်းမပျက်ရုံသာလုပ်ကိုင်နေပြီး အားတတ်သရောလုပ်ကိုင်သူ မရှိတော့ဘဲ ပြင်ပသို့ထွက်၍ အခြားလုပ်ငန်း လုပ်ကိုင်မှုသာများလာကြောင်း၊ ထန်းလျက်ချက်ရာတွင် ပဲစင်းငုံငုတ်ထင်းကို အဓိကထားအသုံးပြုပြီး အရင်နှစ်၌ ပဲစင်းငုံသီးနှံ ဝယ်လက်မရှိသဖြင့် စိုက်ပျိုးသူမရှိသောကြောင့် ပဲစင်းငုံငုတ်မရရှိခြင်းနှင့် အခြားထင်းဈေးများလည်း ဈေးမြင့်မားလာသဖြင့် ထင်းအခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။

 

mdn

 

"အရင်နှစ်က ပဲစင်းငုံဝယ်ယူသူမရှိလို့ ပဲစင်းငုံစိုက်တဲ့သူမရှိတော့ ဒီနှစ်မှာ ပဲစင်းငုံငုတ်က ဝယ်မရဘူးလေ။ အခြားဒေသတွေ သွားဝယ်နေရတယ်။ နွားလှည်းတစ်လှည်းကို ပဲစင်းငုံငုတ်ထင်းက ၃၀ဝ၀ ကျပ်လောက်တာ ပေးရပေမယ့် ရှားထင်းလို ထင်းအမာမျိုးကို လှည်းတစ်စီး ၈၀ဝ၀ ကျပ်ခန့် ပေးဝယ်နေရတယ်။ ခွဲခြမ်းဆို ၁၂၀ဝ၀ ကျပ်ထိ ပေးဝယ်ရတာတွေရှိတယ်။ ဒီနှစ် ထန်းလျက်ဈေးက မစိုးပေမယ့် ထင်းက အခက်အခဲဖြစ်တယ်။ ရွာမှာက ထန်းတက်လုပ်ငန်းကို ပင်ပန်းတာတွေ၊ ရတာနဲ့ လုပ်ရတာ မကာမိတာတွေ၊ ထင်းအခက်အခဲတွေကြောင့် တစ်နယ်တစ်ကျေး ထွက်လုပ်တဲ့သူ များလာပါတယ်"ဟု ပန်းအိုင်ကျေးရွာနေ ထန်းတက်တောင်သူ ဦးကိုနိုင်က ပြောသည်။

 

mdn

 

မလှိုင်မြို့ရှိ ထန်းလျက်ချက်လုပ်ငန်း လုပ်ကိုင်ကြသူများမှာ ရာသီဥတုပူပြင်းခြင်း၊ ထင်းဈေးနှုန်းမြင့်တက်ခြင်း၊ ထန်းတက်ရာတွင် အသုံးပြုသည့် မြူအိုး မြူကြိုး အစရှိသည့် အသုံးပြုပစ္စည်းများ ဈေးနှုန်းမြင့်မားခြင်း၊ ထန်းတက်လုပ်ငန်း လုပ်ကိုင်သူများ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာခြင်းကြောင့် ထန်းလျက်ချက် တောင်သူများ အခက်အခဲကြုံတွေ့ရကြောင်း သိရသည်။ 

ဘိုဘို(မလှိုင်)

 

mdn