နေပြည်တော်  ၁၄  စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် မံစီမြို့နယ်၊ မံသာကျေးရွာအနီး၊ မံသာ-သံတံတားကျေးရွာသွား ကားလမ်းတွင် ဘုန်းထက်ကျော်(ခ)ကိုထက် မောင်းနှင်ပြီး မမြင့်မြင့်သန်း (ခ)ချောစု လိုက်ပါလာသည့် IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် အဆိုပါယာဉ်မှ ကြိုးဖြင့်ဆွဲလာသည့် ဇာနည်မောင်(ခ) လှဝင်းမောင်နှင့် ကျော်ဇင်ဦးတို့လိုက်ပါလာသော Mark-II အမျိုးအစား မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၄၅ ပြားနှင့် မြန်မာငွေကျပ် ၂၂၀,၀၀၀ တို့ကိုလည်းကောင်း။ 

 

အလားတူ ယင်းနေ့ ညပိုင်းက သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင် ကျေးရွာအနီးရှိ စက်သုံးဆီဆိုင်ဝင်းနေ ဝတုတ်(ခ)စောမင်းဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ထွန်းလင်းအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၈,၇၇၅ ပြားနှင့် မြန်မာငွေကျပ် ၂၇၀,၀၀၀ တို့ကိုလည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက နောင်ချိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာ၊ ဒုဋ္ဌဝတီတံတားအနီးတွင် သက်ဇော်ဦး မောင်းနှင်ပြီး မဖြူဖြူဝင်းလိုက်ပါလာသော မော်တော် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့် မြန်မာငွေကျပ် ၃၉၀,၀၀၀ တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)