မင်းဘူး ၃ မတ်
ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်စေရန်နှင့် မှုခင်းများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ လူစည်ကားရာ နေရာဖြစ်သည့် ကားကြီးကွင်း အနီးတွင် မတ် ၂ ရက် နံနက် ၁၀ နာရီခွဲခန့်က မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မှုခင်းအသိပညာပေးယာဉ်ဖြင့် အသိပညာပေး ဟောပြောရာတွင် မင်းဘူးမြို့နယ်၊ခေတ္တ မြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ထွန်းဝင်းက မှုခင်းလျော့နည်း ကျဆင်းရေးအတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆောင်ရန်ရှောင်ရန်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှုး မြင့်ဇော်က သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မိဘအုပ်ထိန်းသူများ အနေဖြင့် ဆောင်ရန် ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ် ၁၈ ယာဉ်ထိန်းရဲတပ်ဖွဲစုမှူး ဒုရဲမှူး မောင်မောင်သန်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ခိုးဆိုးလုနှိုက်အမှုများ လျော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောခဲ့ရာ လာရောက်ကြည့်ရှုကြသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက စနစ်တကျ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လာရောက်လေ့လာကြသည့် စိတ်ပါဝင်စားသူ (၁၂၀ဝ) ဦးခန့်က မှုခင်းပညာပေး ယာဉ်ပေါ်ရှိ မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ လာရောက်ကြသည့် ပြည်သူများအား တာဝန်ရှိသူများက မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)


