ဩဂုတ် ၄

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်အတွင်း ရေနှင့်ဆက်နွှယ်သည့်မတော်တဆဖြစ်ပွားမှုများကြောင့် ၄၂ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

အဆိုပါမတော်တဆမှုများကြောင့် သေဆုံးသူများတွင် အရွယ်ရောက်သူ ၃၀နှင့် ကလေး ၁၂ ဦးတို့ပါဝင်ကြောင်း အမျိုးသားအရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ရေနှင့်ဆက်နွှယ်သောဖြစ်ရပ်များကြောင့် သေဆုံးမှုဖြစ်ပွားရသည့်အကြောင်းအရင်းများသည် အရက်သေစာ သောက်သုံးပြီးနောက်  ရေကူးခြင်း၊ ပေါ့ဆမှုရှိခြင်းနှင့် ကလေးငယ်များအား ဂရုစိုက်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဩဂုတ်လ ၁ ရက်က ရေကန်တစ်ခုအတွင်း အရက်သေစာသောက်စားထားသော အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ အသက်ငါးနှစ်အရွယ်သမီးတို့ရေနစ်သေဆုံးခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။

ထိုအေဂျင်စီက ရေနှင့်ဆက်နွှယ်သောမတော်တဆမှုများမဖြစ်ပွားစေရေးအတွက်ဂရုစိုက်ကာကွယ်ကြရန်ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို