ဗန်းမောက်  ၁  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံလောင်- ပေပင်- သရက်ကုန်း လမ်းပိုင်း၌ အရှည် ၁၈ ဒသမ ၅ မီတာ အကျယ်  ၆ မီတာရှိ ကွန်ကရစ်တံတားတစ်စင်းကို တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေ ၉၈ သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

1

 

“မူလတံတားဟောင်းက မံလောင်- ပေပင်- သရက်ကုန်းလမ်းပိုင်း ဗန်းမောက်မြို့သို့သွား လမ်းမပေါ်မှာ တည်ရှိပြီး သစ်သားတံတား ဖြစ်ပါတယ်၊ ရပ်ဝေးရပ်နီး ခရီးသွားလာသူအချို့နဲ့  ရပ်ရွာနေပြည်သူများ နေ့စဉ်ဖြတ်ကူးရတဲ့ တံတားပါ၊ မူလတည်ရှိတဲ့ တံတားဟောင်းက နှစ်ကာလကြာမြင့်သည်နှင့်အမျှ ခိုင်ခံမှုအားနည်းလာပြီး ဘေးနှစ်ဘက် အကာအကွယ် မရှိလို့ ကုန်တင်ကားများ၊ ဆိုင်ကယ်များ ချောက်ထဲမကြာခဏထိုးကျပြီး အန္တရာယ်များနဲ့ ကြုံတွေ့လေ့ရှိပါတယ်၊ ဒါကြောင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့မှု ၉၈ သန်း ခွင့်ပြုငွေနဲ့ အရှည် ၁၈ ဒသမ ၅ မီတာ၊ အကျယ် ၆ မီတာရှိ ကွန်ကရစ်တံတားတစ်စင်းကို တည်ဆောက်နေခြင်းဖြစ်ပါတယ်” ဟု သက်ရက်ကုန်းကျေးရွာမှ ဦးကျော်လှိုင်က ပြောသည်။

 

1

 

အဆိုပါ ကွန်ကရစ်တံတားကို တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး မေ ၃၁ ရက်တွင် ပြီးစီးမည်ဖြစ်ကာ ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေလာတော့မည်ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)