နေပြည်တော် ဇူလိုင် ၁၂

 

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့သည် ယနေ့တွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုဖြင့် တည်ဆောက်နေသော မြန်မာ - ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်၏ ရန်ကုန်ဘက်ခြမ်းသို့ သွားရောက်၍ ဘုန်းကြီးလမ်းတစ်လျှောက် ချဉ်းကပ်တံတား တစ်ဖက်တစ်ချက်တွင် ပတ်ဝန်းကျင်လူနေအိမ်ရာများအတွက် မော်တော်ယာဉ်များ၏ဆူညံသံများ အနှောင့်အယှက်မဖြစ်စေရေး အသံထိန်းနံရံများ (Noise Barrier) တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ပင်မတံတားနှင့်ဆုံသည့်နေရာ၌ ပင်မတံတား တွဲဆက်နိုင်ရန် ကြိုးဆိုင်းများ တပ်ဆင်ပြီးစီးမှု၊ နောက်ဆုံးအဆင့် တံတားတွဲဆက်ခြင်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်နေမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းလိုအပ် ချက်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကမ်းနားလမ်း ဆင်ခြေလျှော တံတားနှစ်စင်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တံတားတည်ဆောက်ရေး စီမံကိန်းသည် ပြည်သူများသွားလာ ရေးအဆင်ပြေစေရန် အကျိုးပြုသည့် လုပ်ငန်းဖြစ်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်၊ ရေလယ် တာဝါတိုင် လုပ်ငန်းများနှင့် ရေလယ်ပင်မတံတား ချိတ်ဆက်ခြင်း Segment များ တပ်ဆင် ဆောင်ရွက်ရာတွင် ရေလမ်းကြောင်းမှ သွားလာနေသော ရေယာဉ်များ အန္တရာယ်မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ တံတားနှင့် ချဉ်းကပ်လမ်းများ၌ လမ်းညွှန်နှင့် လမ်းအမှတ်အသားများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန် ထားသည့် သတ်မှတ်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် တို့ကို မှာကြားသည်။

 

ယင်းနောက် ဒလဘက်ခြမ်းရှိ ပင်မတံတား ရေလယ်တာဝါတိုင် (Pylon – 1) သို့ ရေယာဉ်များ ဖြင့်သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတား ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ တံတားအသုံးပြုခ ကောက်ခံရေးစခန်း (Toll Plaza) တည်ဆောက် နေမှုအခြေအနေ၊ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကို တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူး သင်္ဘောကြီးများနှင့် ပြည်တွင်း ရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတား ကင်းလွတ်အမြင့် ပေ ၁၆၀ နှင့် အကျယ် ၉၉၈ ပေ ထားရှိပြီး ချဉ်းကပ်တံတားနှင့် ဆင်ခြေ လျှောတံတားများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ တွက်ချက်တည်ဆောက်ထားကြောင်း သိရသည်။

 

မြန်မာ - ကိုရီးယားချစ်ကြည် ရေး(ဒလ) တံတားသည် မကြာမီကာလအတွင်း တည်ဆောက် ပြီးစီးမည်ဖြစ်၍ တံတားကြီးပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး ၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေ ဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့များသို့ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။

 

သတင်းစဉ်