နေပြည်တော်    မေ ၁၈

 

ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ပိုမိုဝင်ရောက်လာရေးအတွက် မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ (Familiarization-FAM Trip) ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ Myanmar Airways International (MAI)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Ural Airlines ၏ မြန်မာကိုယ်စားလှယ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ (Familiarization-FAM Trip) စတင်အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာန အနေဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် စည်းမျဉ်း/စည်းကမ်းအပိုင်းကိုသာ ဆောင်ရွက်သည်မဟုတ်ဘဲ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့များအ‌နေဖြင့် ခရီးစဉ် လမ်းကြောင်းများ၊ တည်းခိုနေရာချထားရေးများ၊ Social influencer ကဲ့သို့ ဖိတ်ကြားသွားမည့်သူများနှင့် ပြီးပြည့်စုံသော ခရီးစဉ်အစီအစဉ်များ (Package Tour)ကို စနစ်တကျရေးဆွဲပြီး ဝန်ကြီးဌာနသို့ အမြန်ပေးပို့ရန် လိုကြောင်း၊ ယင်းခရီးစဉ် အစီအစဉ်များရရှိပါက တစ်ဖက်နိုင်ငံရှိ အစိုးရ၊ အသင်းအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံသို့ အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ရုရှား-မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားခရီးသွားဧည့်သည်များ လာရောက်ရေးအတွက် ယခုချစ်ကြည်ရင်း နှီးမှုဆိုင်ရာခရီးစဉ် ဖန်ထရစ် (FAM Trip) ဖြင့် စတင်အကောင်အထည် ဖော်လိုကြောင်း၊ မြန်မာနိုင်ငံ နှင့်စပ်လျဉ်းသည့် မဟုတ်မမှန် သတင်းအမှားများကို social media များတွင် ဖြန့်ဝေနေမှုများ ရှိနေပါကြောင်း၊ ယခုအစီအစဉ်တွင် ပါဝင်လာကြမည့် ရုရှား influencer များနှင့် မီဒီယာများက အမှန်တကယ် ပကတိအခြေအနေကိုမြင်တွေ့ပြီး အပြုသဘောဆောင် အကောင်းမြင်မှုရှိသော သတင်းများ ပြန်လည်ဖြန့်ဝေကြရန် ရည်ရွယ်ပါကြောင်း၊ ယခုဖန်ထရစ် (FAM Trip) အစီအစဉ် သည် ရုရှားခရီး သွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် အထောက်အပံ့တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊  ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် လေကြောင်း လိုင်းများမှ တာဝန်ရှိသူများက ဖန်ထရစ် (FAM Trip) စီစဉ်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ဖိတ်ခေါ်မည့်သူများ ရွေးချယ်ရေး၊ ခရီးစဉ်လမ်းကြောင်းများ စီစဉ်ထားရှိမှုနှင့် လေကြောင်းလိုင်းပြေးဆွဲ နိုင်မှုတို့ကို ကဏ္ဍအလိုက်တင်ပြကြပြီး တင်ပြချက်များအပေါ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)