နေပြည်တော် ၆ မေ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာအက အခြေခံကဗျာလွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် မြန်မာအက အခြေခံကဗျာလွတ်အက (ပထမ အဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၇)တွင် ပထမဆုရရှိခဲ့သော မွန်ပြည်နယ်မှ သင်တန်းသူများ၏ ကဗျာလွတ်အကကို Video Clip ဖြင့် ပြသခဲ့ပြီး အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများက “ကဗျာ့ပန်းမြိုင်လယ်” ယိမ်းအကဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်သည်။
ယနေ့စတင်ဖွင့်လှစ်ခဲ့သော မြန်မာအကအခြေခံ ကဗျာလွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြ သင်တန်း အမှတ်စဉ်(၁/၂၀၁၉)၏ သင်တန်းကို မေ ၆ ရက်မှ ၁၁ ရက်အထိဖြစ်ပြီး အဆိုပါ သင်တန်းတွင် ကချင်ပြည်နယ်မှ သင်တန်းသူ ၁၅ ဦး၊ ကယားပြည်နယ်မှ သင်တန်းသူ ၁၂ ဦး၊ ကရင်ပြည်နယ်မှ သင်တန်းသား/သူ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သင်တန်းသား/သူ ၂၀ ဦး၊ မကွေးတိုင်းဒေသကြီးမှ သင်တန်းသား/သူ ၂၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ သင်တန်းသား/သူ ၂၀ ဦးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)မှ သင်တန်းသူ(ဝန်ထမ်း) ၂၀ ဦး၊ စုစုပေါင်းသင်တန်းသား/သူ ၁၂၀ ဦးတို့ တက်ရောက်လျက်ရှိပါကြောင်း သိရသည်။
(သတင်းစဉ်)


