နေပြည်တော် ၄ မတ်
မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project - TIP) တရားဝင်စတင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ အချိုးကျ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည်ကို တွေ့ရကြောင်း၊ နိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု ၅ နှစ်တာကာလ ပြီးဆုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့စတင်မည့် စီမံချက်မှာ အမျိုးသား ပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project- TIP)ကို ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (International Trade Centre - ITC)မှ အမှုဆောင်ဒါရိုက်တာ Ms. Arancha Gonzalez ၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေး ဌာန(DFID)မှ ကိုယ်စားလှယ် Mr. Tom Coward ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုး တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ဦးအောင်နိုင်ဦးနှင့် ITC မှ အမှုဆောင် ဒါရိုက်တာ Ms. Arancha Gonzalez တို့က မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှုမှတ်တမ်းကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံတွင် ကုန်သွယ်မှုယှဉ်ပြိုင်နှိုင်မှုနှင့် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ ရန်ပုံငွေ ပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်ဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


