ရန်ကုန် ၂၃ မတ်

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယအကြိမ် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင် မတ် ၂၃ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

5555

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သဘာပတိ ဦးမောင်မောင်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးတင်ကိုကိုက ဖောင်ဒေးရှင်းနှစ်ပတ်လည် အစီရင်ခံစာကိုကို ဖတ်ကြားရှင်းလင်းပြီး ဘဏ္ဍာရေးမှူး ဦးဝင်းအောင်က နှစ်ပတ်လည်ဘဏ္ဍာရေး အစီရင်ခံစာ ရှင်းလင်းတင်ပြကာ ဘဏ္ဍာရေးအစီရင်ခံစာနှင့် ပတ်သက်၍ အများသဘောတူ အတည်ပြုချက်ရယူခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်း ဖွဲ့စည်းမျဉ်းပြင်ဆင်ချက်များကို အတွင်းရေးမှူးက ရှင်းလင်းအတည်ပြုချက် ရယူခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကာ အစီအစဉ် ပထမပိုင်းကိုရပ်နားခဲ့သည်။ ဒုတိယပိုင်း အစီအစဉ်တွင် သတ်မှတ်စံနှုန်းများနှင့် ပြည့်စုံသော ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း တာဝန်ရှိသူများက ကျပ်သိန်း(၅ဝ)စီ မတည်ရန်ပုံငွေ ပေးအပ်ခဲ့သည်။ 

ယင်းနောက် မတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း လက်ရှိဥက္ကဋ္ဌ အနားယူမည်ဖြစ်၍ ဗဟိုအလုပ်အမှုဆောင် အမည်စာရင်းကို အတွင်းရေးမှူးက ကြေညာပြီး အတည်ပြုချက်ရယူကာ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယအကြိမ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးအား ညနေ ၄ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)