နေပြည်တော် ၃၀ ဧပြီ
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က နိုင်ငံတော်အနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေးအလုပ်သမားနှင့်စပ်လျဉ်း၍ ကာကွယ်စောင့်ရှောက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ကလေးအလုပ်သမားပပျောက်ရေးသည် မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး နိုင်ငံအတွက်ကြီးမားသော စိန်ခေါ်မှုဖြစ်သည့်အပြင် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်၍ ကာလတို ဆောင်ရွက်ရန်မဖြစ်နိုင်သည့်အတွက် ဆက်စပ်ကဏ္ဍပေါင်းစုံပါဝင်ပြီး လက်တွေ့ကျကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် မိမိနိုင်ငံ၏အခြေအနေနှင့် လျော်ညီသော အသေးစိတ် လုပ်ငန်းစီမံချက် ထွက်ပေါ်လာရန် အရေးကြီးကြောင်း၊ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး ကော်မတီ၏ အသေးစိတ်လုပ်ငန်းစီမံချက်ကို မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ပါစောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းမူဘောင်၏ စီမံကိန်း ရည်မှန်းချက်၊ အညွှန်းကိန်း၊ တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်းများအပေါ် အခြေခံရေးဆွဲသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ရှင်းလင်းဆွေးနွေးကြပြီး ပြီးပြည့်စုံသည့် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက် ပါဝင်သင့်သည့် အချက်များ၊ ဥပဒေ၊ နည်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အကြံပြုဆွေးနွေးကြသည်။
(သတင်းစဉ်)


