နေပြည်တော် နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အသက်၊ သွေး၊ ချွေးများ၊ ယာဉ်ယန္တရားများ၊ ငွေကြေးများစွာ ကုန်ကျခံရင်းနှီးပေးဆပ်၍ ပူးပေါင်းပါဝင်တိုက်ဖျက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာ ကရင်ပြည်နယ် ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်မှုမရှိစေရေး နိုင်ငံတော်အစိုးရအနေဖြင့် ညွှန်ကြားထားရှိပြီး မြေပြင်တွင်လိုက်နာလုပ်ကိုင်ဆောင်ရွက်နေမှု ရှိ/ မရှိနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်နေခြင်း ရှိ/ မရှိတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ စတင်ရှင်းလင်းဆောင်ရွက်နေပြီ ဖြစ်ပြီး စစ်ဆေးတွေ့ရှိမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအွန်လိုင်းလိမ်လည် လောင်းကစားမှုများကို အဓိကဦးဆောင်ကျူးလွန်ခဲ့ကြသူများသည် တရုတ်နိုင်ငံသားများ အပါအဝင် Social Media မှတစ်ဆင့် နည်းမျိုးစုံဖြင့် မက်လုံးပေးစည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများ ကျူးလွန်ထွက်ပြေး တိမ်းရှောင်နေကြသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်မှစ၍ အရှေ့တောင်အာရှနိုင်ငံ အချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအချို့ ပဋိပက္ခဖြစ်မှုနောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ဒေသ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ခေတ္တစိုးမိုးထားသည့် မြဝတီဒေသသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် နည်းမျိုးစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ် အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ အခြေခံအဆောက်အအုံများ တည်ဆောက်ကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အပါအဝင် အခြားသော တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြရာမှ မြန်မာနိုင်ငံအစိုးရအနေဖြင့် လောက်ကိုင်ဒေသရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေမှုများအား တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်းကာ ပူးပေါင်းနှိမ်နင်းမှုများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများ ဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးပြီး ပါဝင်ပတ်သက်သူ ၅၃၃၈၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ထိုင်း - မြန်မာနယ်စပ်ရှိ မြဝတီဒေသသို့ ရောက်ရှိလာခဲ့ပြီး မုလအိအလင်းကုမ္ပဏီနှင့် Tran-Asia Inter- national Holding Group (Thailand) ကုမ္ပဏီတို့ လုပ်ငန်းစတင်ခဲ့သည့် KK Park နယ်မြေ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများရပ်တန့်ထားသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် ယင်းနယ်မြေရှိ Myanmar Yatai International Holding Group ကုမ္ပဏီနေရာ၊ မြဝတီမြို့နယ် ကျောက်ခတ်ကျေးရွာ (Chon- gkhaed Garden Resort) ရှိ လောင်းကစားရုံများစသည့် နယ်မြေများအတွင်း၌ အခြေခံအဆောက်အအုံများ ဆောက်လုပ်ကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ-ထိုင်း-တရုတ် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ပူးပေါင်းနှိမ်နင်းလျက်ရှိပြီး KNLA ၊ KNU လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့ဝင်များ ခေတ္တစိုးမိုးထိန်းချုပ်ထားသည့် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းမှု စစ်ဆင်ရေးဖြင့် ဝင်ရောက်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကာ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည် အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဇုန်အလိုက်အပြီးတိုင် ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ဇုန်သုံးခုတွင် စုစုပေါင်းအဆောက်အအုံ ၆၃၅ လုံးရှိပြီး နိုဝင်ဘာ ၁၇ ရက်အထိ အဆောက်အအုံ ၁၄၈ လုံးကို ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၈၇ လုံးကိုလည်း ဆက်လက်ဖြိုချရှင်းလင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံး မိုင်းဖောက်ခွဲဖျက်ဆီးခြင်းနည်းပညာ အသုံးပြု၍ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တစ်ဖက်နိုင်ငံနှင့် နီးကပ်နေသည့် နေရာဖြစ်သဖြင့် အဆောက်အအုံ အပျက်အစီး အပိုင်းအစများ တစ်ဖက်နိုင်ငံအတွင်းသို့ ကျရောက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း Video မှတ်တမ်းများအရ တွေ့ရှိနိုင်သည်။ တစ်ဖက်နိုင်ငံက ကန့်ကွက်ခဲ့သည့်အတွက်လည်း ဖောက်ခွဲဖျက်ဆီးမှု Video မှတ်တမ်းဖိုင်များကို ၎င်းနိုင်ငံသို့ တရားဝင်မှတ်တမ်းပေးပို့ခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသူများ ဖြစ်သောလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသားစုစုပေါင်း ၆၈၀၀၉ ဦးကို သက်ဆိုင်ရာနိုင်ငံများအလိုက် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဝင်ရောက်စစ်ဆေးစဉ်တွင်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ရွှေကုက္ကိုလ်နယ်မြေအတွင်း ရှင်းလင်းဖော်ထုတ်မှုများ ဆောင်ရွက်စဉ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ သုံးခုအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် စိစစ်ဆဲနိုင်ငံခြားသား ၃၄၆ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုလည်း စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း နယ်မြေဒေသမတည်ငြိမ်မှုကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝ စိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များစွာရှိသည့်ဒေသများ၌ အခွင့်ကောင်းရယူ၍ ဒုစရိုက်လုပ်ငန်းများ ကျူးလွန်ပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ပစ်မှတ်ထား ဆောင်ရွက်ခဲ့ကြသည့် မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနှင့် ကျောက်ခတ်နယ်မြေတို့သည် KNLA ၊ KNU ကရင်လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်များ လှုပ်ရှားရာ နယ်မြေဒေသဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ကိုယ်ကျိုးစီးပွားရှာသူများမှ နည်းမျိုးစုံသုံးချဉ်းကပ်လျက် အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းများဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် ၎င်းနေရာများ၌ လူနေထိုင်နိုင်ရန် လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အခြားအခြေခအချက်အလက်များကိုလည်း တစ်ဖက်နိုင်ငံမှ ရယူခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိအခြေအနေတွင် KK Park နယ်မြေအား ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခတ်နယ်မြေနှင့် အခြားဒေသများ၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အပြည့်အဝလုံခြုံရေးရယူပြီး ဆက်လက်ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများကို ဖော်ထုတ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူ အမြစ်ပြတ်နှိမ်နင်းချေမှုန်းသွားမည်ဖြစ်သည်။
ပြတ်သားစွာ ချေမှုန်းသွားမည်
မြန်မာနိုင်ငံ အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ပိုင်နက်နယ်မြေကို အသုံးချ၍ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအပေါ် ရာဇဝတ်မှုများကျူးလွန်နေမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားရှိပြီးဖြစ်သည်။ မကြာမီရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီးစဉ်များတွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံစဉ် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း ပြတ်သားစွာ ချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးဖြစ်သည်။
နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပသည့် တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေး အစည်းအဝေးတွင် ပါဝင်သည့် နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိပါက သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းပါဝင် တိုက်ဖျက်သွားကြပါရန် သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်


