ရန်ကုန် ဇူလိုင် ၁၃

 

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ICT Industry နှင့် ICT လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ICT Skill Standard နှင့်ကိုက်ညီသည့် ITPEC Exam ကို တစ်နှစ် နှစ်ကြိမ် ကျင်းပလျက်ရှိသည်။

 

၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က ကျင်းပစစ်ဆေးခဲ့သည့် ခုနစ်နိုင်ငံ အသိအမှတ်ပြု ITPEC Exam အောင်လက်မှတ်ချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park, Conference Hall ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ စာမေးပွဲဖြေဆိုအောင်မြင်ကြသူ ၃၀၀ ကျော်တို့က သင်တန်းအောင်မြင်ပြီးမြောက်ကြောင်း Certificate များကို တက်ရောက်ရယူကြသည်။

 

ITPEC - FE Exam တွင် ခုနစ်နိုင်ငံ၌ မြန်မာနိုင်ငံမှ အမှတ်အများဆုံးပထမရရှိသူ တစ်ဦး၊ တတိယရရှိသူ တစ်ဦး၊ IP Exam တွင် ခုနစ်နိုင်ငံ၌ မြန်မာနိုင်ငံမှ အမှတ်အများဆုံး တတိယပူးတွဲရရှိသူ သုံးဦးတို့ကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးအေးသင်းက ဆုများပေးအပ်သည်။

 

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်သည် နှစ်နိုင်ငံအသိအမှတ်ပြု အိုင်တီအင်ဂျင်နီယာများ ထွက်ပေါ်လာရန် အိုင်တီအင်ဂျင်နီယာစာမေးပွဲကျင်းပ နိုင်ရေးအတွက် ၂၀၀၂ခုနှစ်တွင် Japan IT Engineer Examination Center (JITEC) နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပသည့် MCPA Exam အောင်မြင်သူ များကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

 

၂၀၀၅ ခုနှစ်တွင် IT Professional Examination Council (ITPEC) စတင်ဖွဲ့စည်းရာ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်ပါဝင်ခဲ့ပြီး ITPEC စာမေးပွဲများကို IT Skill Standard Level အလိုက် Category သုံးမျိုးဖြင့် တစ်နှစ် နှစ်ကြိမ် တစ်နေ့တည်း တစ်ချိန်တည်း ခုနစ်နိုင်ငံ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ ဝင်ရောက်ဖြေဆိုအောင်မြင်သူ ၆၇၀၀ ခန့်ရှိပြီဖြစ်သည်။ ITPEC Exam အောင်လက်မှတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးထွန်း၊ အတွင်းရေးမှူး ဒေါက်တာမျိုးမျိုးနိုင်တို့က အမှာစကားနှင့် ကျေးဇူးတင်စကားများ ပြောကြားပြီး ပံ့ပိုးကူညီကြသူများကို ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ကြသည်။

မျိုးမင်းသူရ