ရန်ကုန် ၃ မေ
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်၏ စွမ်းဆောင်ရည် မြှင့်တင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုစေပြီး ပြီးမြောက်သည့် ငြိမ်းချမ်းရေးတာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ Volvo မော်တော်ယာဉ် (၅) စီးကို ငြိမ်းချမ်းရေးကော်မရှင်သို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဆက်လက် ကူညီထောက်ခံအားပေးရန် ဆန္ဒရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာဟုန်လျန် က ပြောကြားသည်။
ယနေ့မွန်းလွဲ ၃ နာရီကရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ကော်မရှင်သို့ အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ မော်တော်ယာဉ် (၅) စီးပေးအပ် လှူဒါန်းသည့် အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က မော်တော်ယာဉ် ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် “ငြိမ်းချမ်းရေးကော်မရှင်ဟာ မြန်မာနိုင်ငံအစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အရေးပါတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရုတ်နိုင်ငံ ကိုသွားရောက်ပြီးဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ ((“Belt and Road” ) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကိုတက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ နှစ်နိုင်ငံခေါင်းဆောင်များကတရုတ်- မြန်မာနိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမ (“Belt and Road”) အတူတကွ တည်ဆောက်ရေးဆိုင်ရာ အရေးပါတဲ့သဘောတူညီချက်ကို ရရှိခဲ့ပါတယ်။ “Belt and Road” ဟာ ငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု စည်းလုံးညီညွတ် တည်ငြိမ်ရေးကို အရေးကြီးသည်သာမကတရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံတည်ဆောက်မြှင့်တင်ရေးအတွက်လည်း အရေးကြီးပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပြီး ဆက်လက်ကူညီထောက်ခံ အားပေးဖို့လည်း ဆန္ဒရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ခြင်းက မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် သမိုင်းဝင်တဲ့စွမ်းဆောင်မှု သေချာပေါက် ဖြစ်လာမှာဖြစ်ပြီး မြန်မာနိုင်ငံတိုင်းရင်းသားအသီးအသီးအတွက်လည်း အကျိုးစီးပွားတွေ ဆောင်ကျဉ်းလာကာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ စည်ပင်သာယာဝ ပြောတိုးတက်ရေးကိုလည်း ဆောင်ကြဉ်းပေးလာမှာ ဖြစ်ပါတယ်။ မိမိတို့ စိတ်တူကိုယ်တူနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မလျော့သောဇွဲနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရအောင်” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးငြိမ်းချမ်းရေး ကော်မရှင်သို့ Volvo မော်တော်ယာဉ် (၅)စီး လွှဲပြောင်းပေးအပ်လှူဒါန်းရာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယမှဥက္ကဋ္ဌ ဦးသိန်းဇော်က အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက လှူဒါန်းထားသည့် Volvo မော်တော်ယာဉ် (၅) စီးကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့ အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ မော်တော်ယာဉ် (၅)စီးပေးအပ် လှူဒါန်းသည့် အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးဦးလှမောင်ရွှေ၊ အကျိုးတော်ဆောင်ဦးသက်နိုင်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံသံရုံးမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်


