နေပြည်တော် မေ ၁၈

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိ သည်။

 

ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက်၍ Keynote Speech ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ “မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဦးတည်ချက်ဖြင့် ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန(၁၁)ခု ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်ခြင်းသည် ပညာရှာမှီးသူ ပုဂ္ဂိုလ်များကို သာမက လူ့အသိုင်းအဝိုင်းနှင့် မျက်မှောက်ကမ္ဘာကြီးတစ်ခုလုံး၏ အနာဂတ်ကို ပုံဖော် နေခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးအတွက် ပညာရေး နိမ့်ကျနေမှုကို ကုစားနိုင်မည့်နည်းလမ်းများကိုဖော်ထုတ်ပြီး ပညာရေးတိုးတက်အောင် မြှင့်တင်ပေး နိုင်မည့် နည်းလမ်းများ ပေါ်ထွက်လာအောင် ဆွေးနွေးရေးသည် ယခုပညာရေး ညီလာခံကြီး ကျင်းပရန် ဖြစ်ပေါ်လာသည့် အကြောင်းတရား တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ညီလာခံကြီး ကျင်းပရသည့် ရည်ရွယ်ချက် ၇ ချက်ကို လမ်းညွှန်ပေးခဲ့ပါကြောင်း။

 

ယင်း ၇ ချက်မှာ- (၁) ပညာရေးတန်းစဉ်ကူးပြောင်းမှု နည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းရှာရန်၊ (၂) KG +9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံး ဆောင်ရွက်ရန်၊ (၃) အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေး အတွက် KG+10၊ 11၊ 12 တွင် စိုက်ပျိုး၊ မွေးမြူရေး၊ နည်းပညာရပ်များ သင်ကြားရေး၊ (၄) လုပ်ငန်းခွင် လက်တွေ့ အသုံးကျမည့် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုသိပ္ပံများ ထိရောက်စွာ သင်ကြားရန် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေး၊ (၅) အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြု စေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရေး၊ (၆) ဝိဇ္ဇာ၊ သိပ္ပံ ပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေး၊ (၇) လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိစေရေးတို့ ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ စာရင်းဇယားများအရ ကျောင်းသားကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နည်းပါးနေကြောင်း တွေ့ရသည့်အတွက် ကုစားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးအဖြေရှာပြီး အနည်းဆုံး KG+9 ပြီးဆုံး သည်အထိ တက်ရောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်နေပါကြောင်း၊ ခရိုင် ၅၀ တွင် ယခုဇွန်လက စတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်း အသစ်ဖွင့် လှစ်ပေး မည်ဖြစ်ပြီး ထိုကျောင်းများတွင် ၃ နှစ်တက်ရောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ကြသကဲ့သို့ ထူးချွန်သူများ အနေဖြင့်လည်း အဆင့်မြင့် ပညာများကို ဆက်လက်ဆည်းပူးခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ သက်မွေးအခြေခံပညာများ တတ်မြောက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပညာရေး တိုးတက်မြင့်မားရေးတွင် အဟန့်အတားဖြစ်နေသော အကြောင်းရင်း များကို ဆွေးနွေး အဖြေရှာပြီး ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး အကြံပြု ဖော်ထုတ်ကြစေလိုပါ ကြောင်း၊ မြန်မာနိုင်ငံ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်း မွန်စေရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းရင်း ပညာရေး ညီလာခံကြီး အောင်မြင်စေရန် ဆန္ဒပြု အပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကိုကျင်းပရာ စကားဝိုင်း ဆွေးနွေး ပွဲ-၁ (Panel Discussion-1) တွင် Moderator အဖြစ် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ Panelists များအဖြစ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးတက္ကသိုလ် ပါမောက္ခ ချုပ်ဦးအောင်သိုက်ထွန်း၊ သာသနာတော် ထွန်းကားပြန့် ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့က ဆောင်ရွက် ကြပြီး “ကျောင်းတက်သူဦးရေတိုးတက်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေး နည်းလမ်းများ ဖော် ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊

 

စကားဝိုင်းဆွေးနွေးပွဲ-၂ (Panel Discussion-2) တွင် Moderator အဖြစ် ပညာရေး ဝန်ကြီးဌာန မကွေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦး၊ Panelists များအဖြစ် သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ပညာရေးဝန်ကြီးဌာန ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေဝင်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရန်ကုန် နည်းပညာတက္က သိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြမြဦးနှင့် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့က ဆောင်ရွက်ကြပြီး “အဆင့်မြင့်ပညာကဏ္ဍတွင် ဘာသာရပ်ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုစေမည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လုံလောက်စွာမွေးထုတ်ရေး နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း။

 

စကားဝိုင်းဆွေးနွေးပွဲ-၃ (Panel Discussion-3) တွင် Moderator အဖြစ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ Panelists များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲထွန်း၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာဇော်ဝင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးသွင် တို့ကဆောင်ရွက်ကြပြီး “KG+9 အလွန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်း ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူ များကလည်း တက်ကြွစွာ ပါဝင်မေးမြန်းခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)