ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမား များသည် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ အားကစားနည်းအလိုက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာလျက် ရှိရာ ဒီဇင်ဘာ ၇ ရက်တွင်လည်း ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ မြင်းစီး၊ ကျွမ်းဘားနှင့် အပြည်ပြည်ဆိုင်ရာ လှေ(Rowing) အဖွဲ့တို့သည် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ပိုင်ဆိုင်ရမည်ဟူသော ခံယူချက်၊ ယုံကြည်ချက်နှင့် ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် လန်းဆန်းတက်ကြွလျက်ရှိသည့် အားကစားအသင်းများမှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-
ဦးဇော်လင်း
(ပိုက်ကျော်ခြင်း - အုပ်ချုပ်သူ)
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ကစားသမား အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၁၅ ဦး၊ အုပ်ချုပ်သူ/နည်းပြရှစ်ဦးနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမျိုးသားအသင်း လိုက်၊ အမျိုးသမီးအသင်းလိုက် သုံးယောက်တွဲ၊ အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦး လေးယောက်တွဲ နဲ့ Hook Takraw (ကွင်းအတွင်း၊ ခြင်းခတ်သွင်း ယှဉ်ပြိုင်ခြင်း) အားကစားမှာ အမျိုးသား၊ အမျိုး သမီးအတွဲလိုက် ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ပြိုင်ပွဲအစမှာ Hook Takraw အားကစားနဲ့စပြီး ယှဉ်ပြိုင်ရမှာပါ။
နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေရရှိဖို့ ၂၀၂၅ ခုနှစ် တစ်နှစ်လုံး နေပြည်တော်နဲ့ ရန်ကုန်မှာ လေ့ကျင့်ခဲ့ပါတယ်။ လေ့ကျင့်မှုအပိုင်း ပြည့်စုံပြီလို့ပြောရမှာပါ။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာလည်း အမျိုးသမီးအသင်းက ဆုရခဲ့ပြီး ဒီနှစ်ဆီးဂိမ်းမှာ လေးယောက်တွဲ အမျိုးသား၊ အမျိုးသမီး ယှဉ်ပြိုင်မှုမှာ ရွှေတံဆိပ်ဆုကို မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ကျော်ခြင်း အားကစားကို အားပေးမှုများလာတာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ရွှေတံဆိပ်ဆုရရှိအောင် အစွမ်းကုန်ကြိုးစားသွားပါ့မယ်လို့ ကတိပြုပါတယ်။ ပြိုင်ပွဲကိုလည်း မြန်မာပြည်သူအပေါင်း အားပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ဒေါ်ခင်အေးမူ
(ရိုးရာခြင်းလုံး-အုပ်ချုပ်သူ)
ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ကို ရွေးချယ်ခဲ့ပြီး စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ နောက်ဆုံးဆန်ခါတင် အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ရှစ်ဦးကို ပြိုင်ပွဲအတွက်ရွေးချယ်ခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီး Event-3 ပြိုင်ပွဲနှစ်မျိုးမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဓိကပြိုင်ဘက်က အိမ်ရှင်နိုင်ငံပဲ ဖြစ်ပါတယ်။ ရိုးရာခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့မှာ အမျိုးသား၊ အမျိုးသမီးအသင်း စတင်ယှဉ်ပြိုင်ပြီး နောက်ဆုံးပြိုင်ပွဲက ဒီဇင်ဘာ ၁၀ ရက်နေ့ဖြစ်ပါတယ်။ အခု ဆီးဂိမ်းပြိုင်ပွဲမှာ နှစ်မျိုးပဲ ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ရွှေတံဆိပ်မှန်းထားပါတယ်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ်သုံးခုနဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးထားတာကြောင့် အခုပြိုင်မယ့် မြန်မာ့ရိုးရာအားကစား ခြင်းခတ်ပြိုင်ပွဲကို မြန်မာပြည်သူ ပြည်သားအပေါင်း အဝေးကနေ အားပါးတရ အားပေးကြဖို့လည်း တောင်းဆိုပါတယ်။
ကိုချမ်းမြေ့ဝင်း (မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိယတာဝန်ခံ)
ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့တာကြာပါပြီ။ ထိုင်းနိုင်ငံ ပတ္တရားမှာ လေး၊ ငါးကြိမ် သွားရောက်လေ့ကျင့်ခဲ့ပြီး နိုင်ငံတကာအတွေ့အကြုံတွေလည်း ရရှိထားပါတယ်။ ပြိုင်ပွဲမှာ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲက လက်ရွေးစင်တွေလည်း ပါဝင်ပါတယ်။ မြင်းစီးပြိုင်ပွဲမှာ တန်းခုန်လည်းပါမယ်၊ Event Team လည်းပါမယ်။ မြင်းစီးအားကစားဟာ မြင်းနဲ့ လူ နှစ်မျိုးလုံး ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၃၊ ၁၇ နဲ့ ၁၉ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာပါ။ မြင်းစီးအားကစားဟာ အခြားအားကစားလို မဟုတ်ပဲ ခန့်မှန်းရခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်သွား မှာပါ။ (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ငွေနဲ့ ကြေး ဆုတံဆိပ်ရရှိခဲ့ပြီး အခုဆီးဂိမ်းမှာ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိအောင် ကြိုးစားသွားမှာပါ။ မြန်မာနိုင်ငံမှာ ရိုးရာအားကစားနည်းဖြစ်တဲ့ မြင်းစီးအားကစားကို ချစ်မြတ်နိုးတဲ့သူများပါတယ်။ ကျွန်တော်တို့အသင်းကို ခွန်အားပြည့် အားပေးကြပါလို့ ပြောကြားလိုပါတယ်။
ဦးကောင်းဇော်
(ကျွမ်းဘားအဖွဲ့ချုပ် အုပ်ချုပ်သူ)
ပြိုင်ပွဲမဝင်မီ တစ်နှစ်တိတိ ပြည်တွင်း/ပြည်ပမှာ လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းမှာ MAG နဲ့ WAG ကျွမ်းဘားအားကစားနည်းမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာ ယှဉ်ပြိုင်ခဲ့မှုမရှိပေမယ့် အခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ အာဆီယံ ခုနစ်နိုင်ငံ ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ ဒီပြိုင်ပွဲအတွက် အစွမ်းကုန် ကြိုးစားထားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေအနေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ် ဆုတံဆိပ်တွေနဲ့ ပြန်လာခဲ့ပါ့မယ်။
ဦးဇော်လွင်ထွန်း (အပြည်ပြည်ဆိုင်ရာ လှေ(Rowing) အုပ်ချုပ်သူ)
ဆီးဂိမ်းပြိုင်ပွဲအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကစားသမားတွေကို တစ်နှစ်ကနေ နှစ်နှစ်ကျော်အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ပြိုင်ပွဲက အားကစားနည်း ခုနစ်မျိုးမှာ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ အုပ်ချုပ်သူနဲ့ နည်းပြသုံးဦး ပါပါတယ်။ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက ပြိုင်ပွဲတွေမှာလည်း ကြေးတံဆိပ်တွေ ရရှိခဲ့ဖူးပါတယ်။ ပြိုင်ပွဲမှာ အမျိုးသား တစ်ယောက်လှော်၊ နှစ်ယောက်လှော်နဲ့ အခြားပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်မှုနဲ့အတူ အမျိုးသမီး တစ်ယောက်လှော်၊ လေးယောက်လှော်နဲ့ ပြိုင်ပွဲခုနစ်ပွဲကို ယှဉ်ပြိုင်သွားမှာပါ။
ဗီယက်နမ်ပြိုင်ပွဲက စံချိန်ကို နှိုင်းယှဉ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာကြောင့် အမျိုးသမီး လေးယောက်လှော်ပြိုင်ပွဲမှာ ရွှေရဖို့ မျှော်မှန်းထားပါတယ်။ နိုင်ငံပေါင်း ငါးနိုင်ငံက ပြိုင်ဘက်ကောင်းတွေ ရှိနေတာကြောင့် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ပြိုင်ပွဲက ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိရှိပြီး ၁၉ ရက်နေ့မှာလည်း တစ်ပွဲရှိပါတယ်။ အခုလို ကြိုပြီးသွားတာက အဲဒီနိုင်ငံရဲ့ ရေနဲ့လေကို အသားကျအောင် လေ့ကျင့်ချိန်ရတဲ့အတွက် ပြိုင်ပွဲမှာ အားသာချက်တွေ ရရှိနိုင်လို့ပါ။ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ကြတဲ့ အပြည်ပြည်ဆိုင်ရာ လှေအားကစားသမားများ စိတ်ဓာတ်တက်ကြွစေတဲ့ အားပေးစကားတွေကို စောင့်မျှော်နေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်စေတဲ့ ရွှေတံဆိပ်ဆုတွေနဲ့ ပြန်လာခဲ့ပါမယ်။
တွေ့ဆုံမေးမြန်း - သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်


