နေပြည်တော် ၂ မေ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးသုံးစွဲမှုများနှင့်ပတ်သက်၍ အသိပေးကြေညာချက်အား ထုတ်ပြန်ခဲ့ရာ ဖော်ပြပါအတိုင်းဖြစ်သည်-
အသိပေးကြေညာချက်
၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀ (င) နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ပါသည်။
၂။ ယခုအခါ Digital Currency များ ဖြစ်သော Cryptocurrency: Bitcoin (BTC) ၊ Litecoin (LTC) ၊ Ethereum (ETH) နှင့် Perfect Money (PM) အစရှိသည်တို့အား personal Facebook account များ၊ web page များမှတစ်ဆင့် ရောင်း/ဝယ်၊ လဲလှယ်မှုများအား မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးသည့် ပုံစံဖြင့်သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
၃။ Cryptocurrency အပါအဝင် Digital Currency များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်း/ဝယ် လဲလှယ်ခြင်းများ ဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်း မရှိပါ။
၄။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားခြင်းမရှိသော Cryptocurrency အပါအဝင် Digital Currency များအား online မှတစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း ရောင်း/ဝယ်၊ လဲလှယ်မှုများ ဆောင်ရွက်ပါက သုံးစွဲဆောင်ရွက်သူများတွင် ဆုံးရှုံးနိုင်ခြေရှိကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်


