ရန်ကုန် ၊ ဇူလိုင် ၁၃

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Digital Payment Switch System ၏ MMQR Standardization နှင့်သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ (Learning & Training Center) ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ မိုဘိုင်းငွေရေး ကြေးရေး အဖွဲ့အစည်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း များ၊ PayPlus Co., Ltd တို့မှ အကြီးတန်းစီမံခန့်ခွဲသူများ တက်ရောက်ကြပြီး နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအားလုံးမှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌက အမျိုးသားငွေပေးချေမှု စနစ်မဟာဗျူဟာ (National Payment System Strategy 2020-2025) အရ ချမှတ်ထားသော ငွေပေးချေမှုဆိုင်ရာမူ ဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ငွေပေးချေမှုစနစ်များအားလုံး အချင်းချင်းအပြန်အလှန်ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည့် Digital Payment Switch System ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပမာဏကြီးမားသော ငွေပေးချေမှုအတွက် CBM-NET System ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ပမာဏ နည်းသော ငွေပေးချေမှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Payment Switch System ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Payment Landscape in Myanmar ၊ Digital Payment Switch System QR Code Standardization ၊ QR Code Generation နှင့် MMQR Standardization new version တို့ကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းကြသည်။ ယခင်က Brand တစ်ခုအတွင်း၌သာ အချင်းချင်းငွေပေးချေမှု ပြုလုပ်နိုင် ရာမှ Digital Payment Switch System ကို ဆောင်ရွက်ပြီးစီးပါက ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအချင်းချင်း အပြန်အလှန်ချိတ်ဆက်၍ Brand တစ်ခုမှ အခြား Brand တစ်ခုသို့ လွယ်ကူအဆင်ပြေစွာ ငွေပေးချေမှု ပြုလုပ်နိုင်မည်ဖြစ်ပြီး Digital ငွေပေးချေမှုစနစ်ဖွံ့ဖြိုးကာ ငွေသားကိုင်တွယ်အသုံးပြုမှုကို လျော့ကျနိုင်သည့်အပြင် သုံးစွဲသူများအ‌နေဖြင့်လည်း ဈေးသက်သာပြီး ကောင်းမွန်သော ငွေရေးကြေးရေးဝန်ဆောင်မှုကို ရွေးချယ် အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)