ရန်ကုန်  ၃  မေ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှုမှာ အောင်မြင်မှုရရှိခဲ့ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီး၌ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသို့ ခွင့်ပြုမိန့်ရယူပြီးနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံ Kyushu University Hospital မှ ပရော်ဖက်ဆာ Taguchi ဦးဆောင်သော Japan Liver Transplant Team နှင့် Myanmar Liver Transplant Team တို့ ပူးပေါင်းကာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လှော်ကားရပ်ကွက် ပန်းခြံ ၃ နေ အသက် ၅ နှစ်ရှိ မောင်ညီညီမင်းဦး (ခ) ညီညီဖြိုးကို အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

၄င်းအတွက် အစားထိုးရန် လိုအပ်သောအသည်းကို ဖခင်ဖြစ်သူ ဦးစောမင်းမင်း၏ အသည်းကို လှူဒါန်းပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မောင်ညီညီမင်းဦး (ခ) ညီညီဖြိုးသည် မွေးရာပါ သည်းခြေပြွန်မပါသဖြင့် အသည်းကျွတ် ဝေဒနာခံစားနေရပြီး နောက်ဆက်တွဲအဖြစ် သွေးဝမ်းသွားခြင်းနှင့် သွေးအန်ခြင်းဝေဒနာများ ကိုလည်း ခံစားနေရသူဖြစ်သည်။ ထို့ကြောင့် အသည်းအစားထိုး ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအသည်းခွဲစိတ်ကုသမှုကို ၂၀၁၄ ခုနှစ်ကတည်းကစပြီးတော့ Kyushu University Hospital နဲ့ ပူးပေါင်းပြီး ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း အသည်းအစားထိုး ခွဲစိတ်ကုသဖို့အတွက် လိုအပ်နေတဲ့ ကလေးတွေရှိနေတယ်ဆိုတာကို သိတဲ့အတွက် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်” ဟု ရန်ကုန် ကလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောကြားသည်။

ထိုသို့ပြင်ဆင်မှုပြုလုပ်ရာတွင် မြန်မာအသည်းအစားထိုး ကုသမှုအဖွဲ့သည် ဂျပန်နိုင်ငံသို့ သွားရောက် လေ့လာခဲ့ပြီးနောက် မြန်မာကလေးငယ်တစ်ဦးအား ဂျပန်သို့ခေါ်ဆောင်၍ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ထပ်မံသွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စသိတာတော့ ကလေး ၇ လသားကတည်းက စသိတာပေါ့။ နယ်က ဆေးရုံမှာစတက်တယ်။ ကလေးက အသားတွေဝါပြီး ဝမ်းတွေက အဖြူတွေသွားတာပေါ့။ ကျွန်တော်တို့ မော်ကျွန်းဆေးရုံ တက်လိုက်တယ်။ ကလေးက အနာတစ်ခုခုဖြစ်ရင် သွေးမတိတ်တော့ဘူးပေါ့။ အဲရောဂါနဲ့ သူတို့က ရန်ကုန်ဆေးရုံကို လွှဲပေးလိုက်တာ။ အဲဒီထဲက ခုထိပဲ။ ၅ နှစ်လောက်ရှိသွားပြီပေါ့။ အခုလို ခွဲစိတ်မှုအောင်မြင်တော့ ကျွန်တော့်အနေနဲ့ အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီဆေးရုံက ဆရာဝန်၊ ဆရာမတွေ အခုလိုအခြေအနေမျိုး ဝိုင်းပြီးကူညီပေးတာ၊ ကျွန်တော်တို့ ပိုက်ဆံတစ်ပြားမှမကုန်ဘဲနဲ့ အခုလို အောင်မြင်သွားတာ တကယ်လည်း ဝမ်းသာပါတယ်” ဟု ကလေးငယ်အတွက် အသည်းလှူဒါန်းပေးသူ ဖခင် ဦးစောမင်းမင်းက ပြောသည်။

ရန်ကုန်ကလေးဆေးရုံကြီး အနေဖြင့် အသည်းဆုံးခန်းတိုင် ပျက်စီးနေသော ကလေးငယ်များ ပုံမှန်နီးပါးဘဝ သို့ ပြန်လည်ရောက်ရှိစေရန်၊ ကလေးအသည်းအစားထိုးမှုကဏ္ဍ ပီပြင်စွာဖြစ်ပေါ်လာစေရန်နှင့် နောင်တွင် ပြည်တွင်းဆရာဝန်မျာ းအနေဖြင့် ပုံမှန်ခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားနိုင်ရန်၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ကလေးအသည်းအစားထိုး ကုသမှုလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကလေးအသည်းအစားထိုး ကုသမှုကို  Japan Liver Transplant Team မှ ငါးကြိမ်ခန့် ဦးဆောင်ခွဲစိတ်မှု ပြုလုပ်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် Myanmar Liver Transplant Team မှ ဦးဆောင်ခွဲစိတ်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကြိမ် ထပ်မံခွဲစိတ်မှုကို စက်တင်ဘာဘအတွင်း ပြုလုပ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့တွင် အသည်းအစားထိုး ခွဲစိတ်ကုသမှုခံယူထားသော မောင်ညီညီမင်းဦးသည် ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

 

mdn

 

mdn