ရန်ကုန် ၂၅ ဧပြီ
မြန်မာသမိုင်းအဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲ တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာသမိုင်းအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပစာတမ်းဖတ်ပွဲများ၊ ကွင်းဆင်းသုတေ သနလုပ်ငန်းများကိုလည်း ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ သုတေသန စာအုပ်စာစောင်များလည်း သတ်မှတ်အရေအတွက်အတိုင်း ထွက်ရှိလာသည်ကို သိရှိရပါကြောင်း၊ မြန်မာသမိုင်းအဖွဲ့အနေဖြင့် တာဝန်ကျေပွန်ခဲ့ပါကြောင်း၊ မြန်မာသမိုင်းအဖွဲ့၏ လုပ်ဆောင်ချက်များ အတိုင်းအတာတစ်ခုအထိ အောင်မြင်လာသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ သမိုင်းဖြစ်ရပ်မှန်များ ကွင်းဆက်မပြတ်စေရေးအတွက် ထပ်မံ တွေ့ရှိသော သမိုင်းအထောက်အထားများ ဖြည့်စွက်ရန်လိုအပ်ပါကြောင်း၊ Oral History အတွက် ဝန်ထမ်းအင်အားဖြည့်ဆည်းရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က နိုင်ငံတကာစာတမ်းဖတ်ပွဲအား စက်တင်ဘာ (၁၆)ရက်နှင့် (၁၇)ရက်များတွင် နေပြည်တော်၌ ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း၊
မြန်မာသမိုင်း သုတေသနစာစောင်ကို တစ်နှစ်လျှင် ပုံမှန်(၃)အုပ် ထုတ်ဝေလျက်ရှိရာ ယင်းစာစောင်များတွင် အင်္ဂလိပ်ဆောင်းပါး(၄)စောင်စီ ပါဝင်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ဘာသာပြန်အဖွဲ့ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃)နှစ်တာ ကာလအတွင်း သုတေသနကွင်းဆင်းဆောင်ရွက်ခြင်းများ၊ သုတေသန စာအုပ်များ ထုတ်ဝေနိုင်ခြင်း၊ Oral History လုပ်ငန်းများကိုလည်း တစ်လလျှင်တစ်ဦးနှုန်းဖြင့် တွေ့ဆုံမေးမြန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Oral History နှင့်ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းများကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် အနေဖြင့် ခေတ်အလိုက် သုတေသနစာအုပ်များထုတ်ဝေရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ မိမိအနေဖြင့်ဌာန၏ လုပ်ငန်းများကို ပိုမိုမြှင့်တင်ပြီး ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် ဆောင်ရွက်ချင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင်များက ခေတ်အသီးသီးနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးတင်ပြပြီး အကြံပြုခြင်းများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


