နေပြည်တော် ၄ မေ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေးခင်တောင်တန်းပေါ်ရှိ ဒေးခင်ရွှေစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့် ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် စေတီတော်ကို လုံးပတ်တော်ပြုပြင်၍ ဉာဏ်တော်မြှင့်တင်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီ (၈)ဆူ ထပ်မံတည်ထားကိုးကွယ်ခြင်း၊ ရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများ ပြုပြင်တိုးချဲ့ခြင်း၊ ရှင်ဥပဂုတ္တနှင့် ရှင်သီဝလိကျောင်းဆောင်တိုးချဲ့ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သံလျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ဆရာတော် အမှူးပြုသည့် ဆရာတော်ရှင်သူမြတ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်အစိုးအရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် တာဝန်ရှိသူများက ရွှေစေတီတော်မြတ်ကြီး၏ မော်ကွန်းကမ္ပည်းကျောက်စာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမွှေးနံ့သာ ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ကောလင်းမြို့ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရ အရှင်သူမြတ်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စာယ် ချီးမြှင့်တော်မူကြသည်။
ယင်းနောက် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပမှ စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော် ဆက်ကပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့မှ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များအား ပြည်ထောင်စုဝန်ကြီးနှင့် အလှူ့ဒါယိကာ၊ ဒါယိကာမများမှ လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား စေတီတော် အထွဋ်သို့ပင့်ဆောင်ကာ ဆရာတော် အရှင်သူမြတ်တို့မှ ဇယမင်္ဂလာအောင်ဂါထာများဖြင့် ရွတ်ဆိုပူဇော်၍ အောင်မြင်စွာ ထီးတော်တင်လှူ ပူဇော်သည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များမှ ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


