မန္တလေး ၃၀ ဧပြီ
မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း ဝင်ခွင့်အတွက် စမတ်ကဒ် (Smart Card) ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီက သိရသည်။
ကျောက်ဝိုင်း ဝင်ခွင့်အတွက် လက်ဗွေဖတ်ခြင်း (သို့) မျက်နှာ Scan ဖတ်ခြင်း အစရှိသော စနစ်တို့ဖြင့် စမတ်ကဒ်များ ပြုလုပ်နိုင်ရန် စည်ပင်သာယာရေး ကော်မတီသို့ စာတင်ထားပြီး ယင်းစနစ်ကို ယခုနှစ် အတွင်း အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။
"အဓိကကတော့ ဝင်တဲ့နေရာမှာ စနစ်တကျဖြစ်ဖို့ရယ်။ မသိတဲ့လူတွေ ဝင်ထွက်သွားလာပြီး ခိုးမှု လိမ်လည်မှုတွေ ပပျောက်ဖို့အတွက်လုပ်ဆောင်တာပါ။" ဟု ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှု ဦးမျိုးမြင့်နိုင် က ပြောသည်။
ယင်းစမတ်ကဒ်များ ပြုလုပ်သည့်အခါတွင် ကိုယ်ရေးရာဇဝင်များ ထည့်သွင်းရေးမှတ် သိမ်းဆည်းထားမည်ဖြစ်ပြီး လိမ်လည်မှုများ လုပ်ဆောင်ထားသူများကို အမည်ပျက်စာရင်း ထည့်သွင်းကာ ကဒ်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။
"ဒီလိုလုပ်တာ ကောင်းပါတယ်။ လိမ်လည်မှုတွေ ခိုးမှုတွေ ပပျောက်သွားတာပေါ့။ ခုကျောက်ဝိုင်းမှာက လူပေါင်းစုံ ဝင်ထွက်သွားလာနေတာလေ။ စမတ်ကဒ်ပြုလုပ်လိုက်တော့ ဝင်ထွက်သွားလာသူတွေကို စိစစ်နိုင်တာပေါ့" ဟု ကျောက်အရောင်းအဝယ်ပြုလုပ်နေသော ကိုမြင့်စိုး က ပြောသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်းရှိ မဟာအောင်မြေ ကျောက်ဝိုင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်စိမ်း အချောထည် ဈေးကွက်တစ်ခုလည်း ဖြစ်ပြီး တရုတ်နိုင်ငံသား ကျောက်စိမ်းကုန်သည်များ လာရောက်ဝယ်ယူရာ အဓိက ဈေးလည်းဖြစ်သည်။
သူရိန်လင်း


