မန္တလေး ၃၀ ဧပြီ


မန္တလေးကျောက်ဝိုင်း၌  သင်္ကြန်ပြီး ကာလအတွင်းတွင် ကျောက်စိမ်းလွှာချပ်နှင့် လက်ကောက် ဈေးကွက် အရောင်းအဝယ်မှာ အေးလျက်ရှိကြောင်း ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်သူ အချို့က ပြောသည်။

 

1


ကျောက်ဝိုင်း အရောင်းအဝယ် ဈေးကွက်၌ ကျောက်စိမ်း လက်ကောက်နှင့် လွှာချပ်လိုင်းတွင် အရောင်းအဝယ်မှာ အေးနေသော်လည်း ကျန်သည့် ကျောက်စိမ်း အချောထည်လိုင်းမှာ အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရသည်။

 

1


“သင်္ကြန်ပြီးကာလလောက်မှာ တော်တော်လေး အရောင်းအဝယ်က အေးသွားတယ်။ ဆယ်ပိုင်းတို့ ရာပိုင်းတို့လောက်ပဲ ဖြစ်တာ။ အချောထည်ပိုင်းတွေကတော့ သိပ်မဖြစ်ဘူး အရောင်းအဝယ်နည်းနေတယ်" ဟု ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှုး ဦးမျိုးမြင့်နိုင်က ပြောသည်။ 
    

ထို့ပြင် အရောင်းအဝယ်ဈေးကွက်၌ ကျောက်အရည်အသွေး ကောင်းမွန်သော လွှာချပ်များသည် အရောင်းအဝယ် ပိုမိုကောင်းမွန်ကြောင်းနေပြီး ငွေကျပ် သိန်းတစ်ရာအောက်(ဆယ်ကြီးပိုင်း) တန်ဖိုးရှိသော ကျောက်များ အများဆုံး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။


မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းတွင် ကျောက်စိမ်း အပွင့်၊ လက်ကောက်၊ လွှာချပ်နှင့် အခြားသော အချောထည်လိုင်းများရှိပြီး လွှာချပ်လိုင်းတွင် တရုတ်ဝယ်လက် ကုန်သည်များက အဓိက လာရောက် ဝယ်ယူကြသည်။


မန္တလေးမြို့ ကျောက်ဝိုင်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကျောက်စိမ်း အချောထည် ဈေးကွက်တစ်ခုဖြစ်ပြီး  ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် ဆိုင်ခန်း အရေအတွက် ၁၁၁၇ ခန်းရှိကြောင်း အကျိုးတော်ဆောင်ရုံး မှတ်တမ်းများအရ သိရသည်။


သူရိန်လင်း