မန္တလေး ၂၄ ဧပြီ
မန္တလေးပြည်သူ့ဆေးရုံကြီး၌ အပူဒဏ်သင့် လူနာများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အချိန်မီ ကုသပေးနိုင်ရန် စီမံချက်ဖြင့် ကြိုတင်ပြင်ဆင် ထားပြီးဖြစ်ကြောင်း ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။
ပြည်သူ့ဆေးရုံကြီးသို့ အပူဒဏ်သင့် လူနာများရောက်ရှိလာခဲ့လျှင် လိုအပ်သည့် ဆေးဝါးများ၊ စက်ကိရိယာများ၊ ရေနှင့်ရေခဲများ ထောက်ပံ့ကူညီရေး၊ လူနာနှင့် လူနာစောင့်များကို ကျွေးမွေးရေး အစရှိသည့်တာဝန်များကို စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
"အပူဒဏ်သင့် လူနာတွေအတွက်ကို အချိန်မီ ကုသပေးနိုင်ဖို့ ဆေးဝါးတွေ အဆင်သင့် လုပ်ထားပြီးပါပြီ။ ခုချိန်ထိတော့ အပူဒဏ်သင့်လူနာ တစ်ယောက်မှ မရောက်လာသေးပါဘူး။ အဓိက ကတော့ အပူဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေ မခံစားရအောင် အရိပ်ရတဲ့ နေရာတွေမှာ နေသင့်ပါတယ် " ဟု ဆေးလူမှုဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောသည်။
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အပူဒဏ်သင့် လူနာများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အချိန်မီ ကုသပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။
မန္တလေးမြို့၌ ဧပြီ ၁၆ ရက်တွင် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ၁၇ ရက်တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ ၁၈ ရက်တွင် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် ယနေ့တွင် ၄၂ဒီဂရီ စင်တီဂရိတ်ဖြင့် အမြင့်ဆုံး နေ့အပူချိန်များ အသီးသီး ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် နေ့အပူချိန် လွန်ကဲမှုများ ဖြစ်ပေါ်ခဲ့ကာ အပူဒဏ်ကြောင့် လူဦးရေ ရာချီသေဆုံးခဲ့ပြီး ယင်းနှစ်တွင် မန္တလေးမြို့၌ အမြင့်ဆုံး နေ့အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့သည်။
သူရိန်လင်း


