မန္တလေး ၂၁ မတ်
မန္တလေးခရိုင်အတွင်း၌ သင်္ကြန်ကာလ အမှုအခင်းမဖြစ်ပွားရေးအတွက် တပ်ဖွဲ့ဝင်အင်အား အယောက် ၅၀ဝ ခန့်ဖြင့် လုံခြုံရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ထို့အပြင် သင်္ကြန်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်တို့တွင် အပြင်ကျုံးဘေးများရှိ လမ်းဆုံလမ်းထောင့်များတွင် ရဲတပ်ဖွဲ့ဝင် ၇ ယောက်နှုန်း ချထား၍လုံခြုံရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။
"လူစည်ကားတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၇ ယောက် ချထားပေးမယ်။ မီးသတ်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာ မဏ္ဍပ်လုံခြုံရေးတွေ ပူးပေါင်းဆောင်ရွက်မယ်။ နောက်တစ်ခု အရက်သေစာတွေ ထားတာတို့ တုတ်၊ ဓါး ၊ လှံ စတဲ့ အန္တရာယ်ပြုစေတဲ့ လက်နက်တွေ ကိုင်ဆောင်ခြင်း ရှိမရှိ စစ်ဆေးတာတွေလုပ်မယ်" ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် မန္တလေးမြို့အတွင်း လူစည်ကားသော နေရာများဖြစ်သည့် ကျောက်တော်ကြီးဘုရား တောင်သမန်အင်း ကန်တော်ကြီး စသည့်နေရာများတွင်လည်း လုံခြုံရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖြစ်တယ်။ နောက်ပြီး သင်္ကြန်ကာလမှာ မူးရစ်ရမ်းကားပြီး ဆူပူမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တာပါ" ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်၊ ပြည်ထောင်စုသင်္ကြန် တို့အပြင် ကျုံးအရှေ့ဘက်တွင်လည်း နေ့ညဈေးကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။
သူရိန်လင်း


