မန္တလေး ၇ မတ်
မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးသို့ လာရောက်လေ့လာဖူးမြော်ကြသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ဇွန်လ ၁ ရက်မှစ၍ တစ်ဦးလျှင် ၅၀ဝ၀ ကျပ်နှုန်း ဝင်ကြေးသတ်မှတ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါကောက်ခံမှုအတွက် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြကာ ခရီးသွားများအတွက် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်အတိုင်း ဝင်ကြေးသတ်မှတ် ကောက်ခံခြင်းဖြစ်ကြောင်း ဘုရားကြီးဂေါပက အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
''ကျွန်တော်တို့ မန္တလေးမှာ နိုင်ငံတကာ ခရီးသွားတွေအတွက် ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်၊ ဗားကရာကျောင်းနဲ့ အင်းဝမယ်နုအုတ်ကျောင်း စတဲ့ နေရာငါးခုအတွက် ဝင်ကြေးကျပ် တစ်သောင်းပဲ လက်ရှိမှာ ကောက်ခံနေတယ်။ ဒီရှေးဟောင်းဘုရားကြီးကို လာရင်တော့ ဝင်ကြေးကောက်ခံမှုမရှိခဲ့ဘူး။
နိုင်ငံတကာမှာ ကျင့်သုံးနေတာက သူတို့ရဲ့ ရှေးဟောင်းဘုရားတွေကို ဝင်ရောက်လေ့လာ ဖူးမြော်ချင်ရင် ဝင်ကြေးကောက်ခံတယ်။ ဒီကောက်ခံရရှိတဲ့ ဝင်ငွေနဲ့ ဘုရားတွေကို ပြုပြင်မွမ်းမံပြီး စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ကြတဲ့အတွက် သူတို့ရဲ့ ဘုရားတွေက ဝင်းပြောင်ပြီး အမြဲသစ်လွင် နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုကောက်ခံပြီး ဘက်စုံပြုပြင်မှုတွေ စိမ်းလန်းစိုပြေမှုတွေ ဖြစ်အောင် ဆောင်ရွက်လိုတဲ့ ဆန္ဒနဲ့ အခုလို ကောက်ခံမှာ ဖြစ်ပါတယ်'' ၎င်းက ပြောသည်။
နိုင်ငံတကာ ခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၅၀ဝ၀ ကောက်ခံသည့်နေမှစ၍ လက်ရှိပေးဆောင်နေရသည့် ကင်မရာ အခွန်ငွေကျပ် တစ်ထောင်ကို ကောက်ယူခြင်း မရှိတော့သည့်အပြင် ဝန်ဆောင်မှုများအနေဖြင့် Tourism Centre များ တည်ဆောက်ကာ ဖိနပ်စင်များ၊ အဆင့်မြှင့်သန့်စင်ခန်းများ၊ လက်ဆေးကန်များ၊ ရေသန့်ဗူးများ၊ တာဝါများ ထားရှိပေးမှုနှင့်အတူ သန့်ရှင်းရေး စနစ်ကိုလည်း ကောင်းမွန်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမဟာမုနိဘုရားကြီးသို့ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်မှစ၍ ပိုမိုတိုးတက်များပြားစွာ ဝင်ရောက်လျက်ရှိရာ လက်ရှိ ၂၀၁၈ ခုနှစ် စာရင်းများအရ နေ့စဉ် ၂၀ဝ ကျော် ဝင်ရောက်လျက်ရှိပြီး ထိုင်းနှင့် တရုတ်ခရီးသွားများ အများဆုံးဝင်ရောက်နေကြောင်း သိရသည်။
ထို့ပြင် ဝင်ကြေးငွေကျပ် ၅၀ဝ၀ စတင်ကောက်ယူသည့်အချိန်မှစ၍ မန္တလေး မဟာမုနိဘုရားပရဝဏ်အတွင်း အသစ်တည်ဆောက်ထားသည့် ခြင်းခတ်ရုံတွင် ဘုရားကြီး ခြင်းလုံးအသင်းများမှ နေ့စဉ် သို့မဟုတ် စနေ၊ တနဂငေ်္နွပိတ်ရက်များ တွင် ခြင်းအလှ ခတ်ကစားခြင်းများဆောင်ရွက်၍ ဝန်ဆောင်မှုပေးရန် ဆွေးနွေးမှုများရှိထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်


