မန္တလေး ၃၀ ဧပြီ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအရှေ့ရပ်ကွက် အကွက်အမှတ် (၅၁၇)၊ ၈၁လမ်း ၄၁ လမ်းထောင့်ရှိ ဉာတိသင်္ဂဟ ဓမ္မာရုံတွင် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ကလေးသူငယ်များ အပူဒဏ် ကြိုတင် ကာကွယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပူရှောင်စခန်းကို ယနေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အပူဒဏ် ကြိုတင် ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပူရှောင်စခန်းတွင် ပန်ကာနှင့် Air Con များ တပ်ဆင်ကာ သောက်ရေသန့်၊ ဓာတ်ဆားရေများ အသင့်ထားရှိပေးသွားမည့်အပြင် ဆရာဝန်နှင့် သူနာပြုများလည်း ထားရှိကာ ကျန်းမာရေးစောင့် ရှောက်မှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အပူရှောင်စခန်းဖွင့်လှစ်ထားရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသင်းသင်းနွယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်တို့မှ လာရော ကြည့်ရှုစစ်ဆေးပြီး အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အပူဒဏ် ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပူရှောင်စခန်းကို အပူချိန် မြင့်မားနေသည့် ကာလတစ်လျှောက် ဖွင့်လှစ်သွားမည်ဖြစ်ကာ အပူချိန်လျော့ကျပြီး ရာသီဥတုကောင်းမွန်မှ စခန်းပိတ်သိမ်းဖြစ်သည် အပူရှောင်စခန်းသို့ မည်သူမဆို လာရောက်နားနေနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(ထွန်းထွန်းနိုင်)


