မန္တလေး နိုဝင်ဘာ ၁၅
မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက စာအုပ်ဖြန့်ဝေရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်က စာအုပ်ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့မှု များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်များကို ပေးအပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ စာအုပ်တွင် မြန်မာသတင်းမီဒီယာသမားများအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်များ၊ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတင်းရယူခွင့် လျှောက်ထားနိုင်ခြင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် လိပ်စာများပါဝင်ပြီး အဆိုပါလမ်းညွှန်စာအုပ်ကို နိုင်ငံတစ်ဝန်းရှိ သတင်းမီဒီယာသမားများထံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတစ်ဆင့် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း


