မန္တလေး ၂၃ ဧပြီ

 

မန္တလေးမြို့၌ နွေရာသီတွင် လမ်းသွားသူများ အပူဒဏ်သက်သာစေရန် မီးပွိုင့်များတွင် အမိုးများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

နွေရာသီတွင် လမ်းသွားသူများ အပူဒဏ်သက်သာစေရန် ယခုအခါ ၇၈ လမ်း စစ်ကိုင်းလမ်းခွဲရှိ မီးပွိုင့်တွင် အမိုးများ စမ်းသပ်တပ်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

 

"အစကတည်းက အစီစဉ်ရှိတယ်။ သင်္ကြန်နဲ့ဆိုတော့ အလုပ်တွေရှုပ်နေလို့ မလုပ်ဖြစ်သေးတာပါ။ ပထမဆုံး စမ်းသပ်ဆောင်ရွက်တာက အလှူရှင်က အဆိုပြုတဲ့အတွက် စမ်းသပ်ဆောင်ရွက်တာပါ။ စမ်းသပ်မှု အဆင်ပြေတယ်ဆိုရင် တခြားမီးပွိုင့်တွေမှာ တပ်ဆင်မှာပါ''ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

 

ယခုလို အရမ်းပူပြင်းတဲ့နွေရာသီတွင် မီးပွိုင့်မိတဲ့အခါ ဆိုင်ကယ်စီးသူတွေ၊ မျဉ်းကျားလမ်းဖြတ်ကူး သူတွေမှာ အပူဒဏ်ကို ခံစားကြရသည်။

 

မီးပွိုင့်စောင့်ရာတွင် ပြည်သူများ အပူဒဏ်သက်သာစေရန် အချိန်အကြာကြီးစောင့်ရသည့် မီးပွိုင့်များ၊ ယာဉ်ကြောကြပ်တည်းသည့် နေရာများတွင် အမိုးများတပ်ဆင်မည် ဖြစ်ကြောင်းသိရသည်။

 

ယခုတပ်ဆင်မည့် အမိုးများအား နွေရာသီအပူရှိန်ပြင်းချိန်တွင် တပ်ဆင်ထားမည်ဖြစ်ပြီး ကျန်ကာလများတွင် ဖြုတ်၍ သိမ်းဆည်းထားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

mdn