မန္တလေး ၄ မတ်
မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်း Public Area တွင် မတ်လ ၂ ရက်နေ့မှစ၍ နွေဦးအကြို စာအုပ်ဈေးရောင်း ပွဲတော် လာရောက်ကျင်းပနေကြသည့် ရန်ကုန်စာပေတိုက်များမှ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်ပေါင်း ၅၀ဝ ကျော် စုပေါင်းလှူဒါန်းပွဲကို မတ်လ ၄ ရက် မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါလှူဒါန်းပွဲသို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် တက်ရောက်ခဲ့ပြီး ရန်ကုန်စာပေတိုက်များမှ မန္တလေးပြည်သူများအတွက် စိတ်ကြိုက်ရွေးချယ်၍ အလွယ်တကူဝယ်ယူဖတ်ရှုနိုင်စေရန် ယခုကဲ့သို့ စာအုပ်များ လာရောက်ရောင်းချခြင်းကို ကြိုဆိုပါကြောင်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စာကြည့်တိုက်တွင် ထားရှိအသုံးပြုရန် လှူဒါန်းပေးခြင်းအတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင် စာပေတိုက်များကိုယ်စား လင်းလွန်းခင်စာပေတိုက်ပိုင်ရှင် ဦးသိန်းလွင်ကလည်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအား ဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ လာရောက်လှူဒါန်းခြင်း ဖြစ်ပြီး မန္တလေးမြို့တွင် အများပြည်သူသွားလာမှုများပြားသည့် ကျုံးတောင်ဘက်ခြမ်း Public Area တွင် နှစ်လလျှင် တစ်ကြိမ်နှုန်း စာအုပ်အရောင်းပွဲများ ကျင်းပပေးရန် အကြံပြုတင်ပြခဲ့သည်။
အဆိုပါစာအုပ်လှူဒါန်းပွဲနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ''ရန်ကုန်မြို့က လင်းလွန်းခင် အပါအဝင် စာပေတိုက် ၁၅ တိုက်လောက်က ဒီကျုံးဘေး Public Area မှာ နွေဦး အကြို စာအုပ်အရောင်းပွဲ လုပ်ဖို့ ခွင့်တောင်းတဲ့အတွက် ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က Public Area မှာ စာအုပ် အရောင်းပွဲတော် လုပ်တဲ့အတွက် ငွေကြေးကောက်ခံခြင်း မရှိဘဲ အခမဲ့ နေရာချထားပေးပြီး ခွင့်ပြုခဲ့ပါတယ်။ ဒီစေတနာကို တုံ့ပြန်တဲ့အနေနဲ့ စာပေတိုက်တွေက စုပေါင်းပြီး စာအုပ်တွေ လှူဒါန်းတာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
လက်ရှိ ကျုံးတောင်ဘက်ခြမ်း Public Area တွင် ကျင်းပနေသည့် နွေဦးအကြိုစာအုပ်ဈေးရောင်းပွဲတော်ကို မတ် ၂ ရက်မှ ၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပလျက်ရှိရာ လာရောက်ဝယ်ယူ လေ့လာသူများဖြင့် နေ့ရောညပါ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ဖြိုးကျော်


