ပြည်ကြီးတံခွန် ၁ မေ 


(၁၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်ကြိုင်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့က အမှာစကား ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားပြီး (၁၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ပေးပို့လာသော သဝဏ်လွှာများအား တာဝန်ရှိသူများက ဖတ်ကြားသည်။


ယင်းနောက် ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးမင်းသက်ထွေးက မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်များအား ဖတ်ကြားပြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးသန်းလှိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အလုပ်ရှင်များ ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

1

 


အလုပ်သမားနေ့ လမ်းလျှောက်ချီတက်ပွဲကို ယနေ့ နံနက် ၇ နာရီတွင် အလုပ်သမားအင်အား (၅၃၀)ဦးတို့သည် အဖွဲ့ချုပ်အလံပိုစတာ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်းနှင့် (၆၀)လမ်းဒေါင့်ရှိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အထက်မြန်မာပြည်) ရုံး စုရပ်မှ လမ်း ၆၀ အတိုင်း တောင်ဘက်ဗန္ဓုလလမ်းသို့ လည်းကောင်း၊ ဗန္ဓုလလမ်းမှတစ်ဆင့် အနောက်ဘက် (၆၂)လမ်းသို့ လည်းကောင်း၊ ၆၂ လမ်းမှတစ်ဆင့် တောင်ဘက်ဖိုးရာဇာလမ်းသို့ လည်းကောင်း၊ ဖိုးရာဇာလမ်းမှတစ်ဆင့် အရှေ့ဘက် (၅၉)လမ်းနှင့် (၆၀)လမ်းကြားရှိ ကနောင်ခန်းမသို့ နံနက်(၉)နာရီတွင် စီတန်းလှည့်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)