မန္တလေး ၃၀ ဧပြီ
မန္တလေးမြို့တွင် အပူချိန်မြင့်လာသည့်အတွက် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပူရှောင်နိုင်ရန် ပြည်ကြီးတံခွန်မြို့နယ် သာသနဝေပုလ္လဒီပါဧမြ ဓမ္မာရုံတွင် အပူရှောင်စခန်းဖွင့်လှစ်ထားကြောင်း အဆိုပါ ဓမ္မာရုံ၏ ဂေါပက အဖွဲ့ထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ည ၃၇ ရပ်ကွက်ရှိ သာသနဝေပုလ္လဒီပါဧမြ ဓမ္မာရုံတွင် ဧပြီလ ၃၀ ရက်မှ စတင်ကာ အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။
"ဧပြီလ ၂၉ ရက်က ကျန်းမာရေး ဝန်ကြီးဌာနက ရပ်ကွက်ထဲမှာ အပူရှိန်ပြင်းလာတဲ့အတွက် လိုက်နာရန် အချက်တွေကို အသိပညာပေး ဟောပြောတယ်။ အဲဒီမှာတင် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် အပူရှောင်စခန်း ဖွင့်ရင် ကောင်းမယ်ဆိုပြီး ဂေါပက အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီး ဖွင့်ဖြစ်ပါတယ်'' ဟု သာသနဝေပုလ္လဒီပါဧမြ ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဌ ဦးခင်မောင်အေး ကပြောသည်။
အပူရှောင်စခန်းကို မနက် ၇ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး အပူရှောင်လိုသူ မည်သူမဆို လာရောက်နားနေနိုင်ကြောင်း သိရသည်။ လာရောက်နားနေသူများအတွက် ဓာတ်ဆားရည် တိုက်မည်ဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ယနေ့ တိုင်းထွာချက်အရ မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ် ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်


