မန္တလေး ၂၅ ဧပြီ
မန္တလေးမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ဈေး ၃ ခု ဖွင့်မည်ဖြစ်ပြီး ယခုလ ၅ ရက်တွင် ဈေးတစ်ခု ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှသိရသည်။
"ဧပြီလ ၅ ရက် မနက်ပိုင်းက မြို့တော်ဝန်ရဲ့ မွေးနေ့အဖြစ် မန္တလေးမြို့ ချမ်းအေးသာဇံအတွင်း သင်္ဂဇာချောင်းရဲ့ အရှေ့ဘက်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းကြားမှာ ချမ်းအေးရတနာဆိုတဲ့ ဈေးသစ်တစ်ခုဖွင့်ခဲ့ပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ချမ်းအေးရတနာဈေးသည် ယခင်က ဘုန်းကြီးကျောင်းတိုက်အတွင်း တရားမဝင်ဖွင့်လှစ်ခဲ့သည့် ဈေးဖြစ်သည့်အတွက် ချမ်းအေးရတနာဆိုသည့် ဈေးသစ်ကိုတရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျံကျဈေးသည်များ တစုတစည်းတည်း စနစ်တကျ ဈေးရောင်းချနိုင်ရန် ယခုလို ဈေးသစ်များ ဖော်ဆောင်ပေးနေခြင်း ဖြစ်ပြီး ပြည်ကြီးတံခွန် မြို့နယ်တွင် ဈေးသစ်တစ်ခု၊ ချမ်းအေးသာစံမြို့နယ်တွင် ဈေးသစ်တစ်ခု ကို ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဈေးသစ်များဖွင့်ရန် ကျယ်ဝန်းသည့် နေရာနှင့် ဘတ်ဂျက် ကြိုတင်လျာထားရသည့် အတွက် ဘတ်ဂျက်ပေါ် မူတည်ပြီး ဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


